“ပြင်ဦးလွင်-ဂုတ်ထိပ် RBE ရထားခရီးစဉ် လာမည့်စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲမည်”
01 Sep
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားပြေးဆွဲမှု ယာယီရပ်နားထားခဲ့သည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/ အဆန် RBE ရထားခရီးစဉ်ကို လာမည့်စနေနေ့မှစတင်ကာ အပတ်စဉ်ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။ နောင်ချိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်းတွင် ရေကျော် ရေလွှမ်းမှု ဖြစ်ပွားခဲ့သဖြင့် ရထားခရီးစဉ်ကို ယာယီရပ်နားထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရထားလမ်းပိုင်း ပြုပြင်မှုများ ပြီးစီးပြီဖြစ်လို့ ပြန်လည်ပြေးဆွဲနိုင်ခြင်းဖြစ်ပါတယ်။ ဩဂုတ်လ ၃၁ ရက် နံနက်ပိုင်းမှာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် တာဝန်ရှိသူများက ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်ဘူတာသို့ RBE ရထားနဲ့လိုက်ပါစီးနင်းကာ ရထားလမ်းပိုင်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် နောင်ချိုနှင့် ဂုတ်ထိပ်ဘူတာအကြား တံတားအမှတ် ၂၃၂ အနီးတွင် တောင်ကျရေများကြောင့် သံလမ်းပေါ်ရေကျော်မှု ထပ်မံမဖြစ်ပွားစေရေးအတွက် ရေစီးရေလာကောင်းမွန်စေရန် ကျောက်စီရေမြောင်းများ စနစ်တကျ ပြုလုပ်ထားရန်လည်း ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။ သမိုင်းဝင် ဂုတ်ထိပ်တံတားကို ကြံ့ခိုင်ရေးနှင့်သန့်ရှင်းသပ်ရပ်ရေးအတွက် ဆေးသုတ်ပြုပြင်ထားမှုများ၊ တံတားတိုင်အောက်ခြေပတ်လည် ခြံစည်းရိုးကာရံထားမှုများကို စနစ်တကျထိန်းသိမ်းရန်၊ တံတားကြမ်းခင်းပေါ် ရေတင်နေမှုမရှိစေရေး ရေထွက်ပေါက်များပြုလုပ်ရန်နှင့် ဆွေးမြေ့နေတဲ့ တံတားဇလီဖားများကို လဲလှယ်ရန် မှာကြားခဲ့ကြောင်း သိရပါတယ်။ ပြင်ဦးလွင်-ဂုတ်ထိပ် ရှုခင်းကြည့် RBE ရထားခရီးစဉ်က ခရီးသွားများအကြား စိတ်ဝင်စားမှုများပြားတဲ့ ခရီးစဉ်တစ်ခုဖြစ်ပြီး ယခင်ကလည်း အပတ်စဉ် ပြေးဆွဲပေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)