“အမေရိကန်နိုင်ငံ ဂရင်းကင်ညွန်အမျိုးသားဥယျာဉ်တွင် ရုတ်တရက်ရေကြီးမှုဖြစ်ပွား၊ လူ ၂၀ ကျော် ပျောက်ဆုံး နေဖွယ်ရှိဟု အာဏာပိုင်များပြောကြား”

31 Aug

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်ရှိ ဂရင်းကင်ညွန်အမျိုးသားဥယျာဉ်(Grand Canyon National Park) တွင် ရုတ်တရက်ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် လူဦးရေ ၂၀ ကျော် ပျောက်ဆုံးနေခြင်း သို့မဟုတ် အဆက်အသွယ် ပြတ်တောက်ခြင်းဖြစ်ဖွယ်ရှိကြောင်း အာဏာပိုင်များက ဩဂုတ်လ ၃၀ ရက်၌ ပြောကြားခဲ့သည်။ အမျိုးသားဥယျာဉ်ဝန်ဆောင်မှုဌာန(NPS)က Bright Angel တောင်ကြားနှင့် တည်းခိုနားနေရာ Phantom Ranch ဧရိယာတို့တွင် ဩဂုတ်လ ၂၉ ရက်က ပြင်းထန်သည့် ရုတ်တရက်ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။ သြဂုတ်လ ၂၉ ရက်၌ ဂရင်းကင်ညွန်အတွင်းပိုင်း Bright Angel စမ်းချောင်းစင်္ကြံတစ်လျှောက် ရောက်ရှိနေသည့် တောင်တက်သမားများ၊ ကျောပိုးအိတ်လွယ်ခရီးသွားဧည့်သည်များ သို့မဟုတ် ထိခိုက်သည့် လမ်းကြောင်းရှိ စခန်းချနေရာ ကြိုတင်ဘွတ်ကင် ပြုလုပ်ထားသူများအနေဖြင့် NPS ၏ စုံစမ်းစစ်ဆေးရေးဌာနသို့ ဆက်သွယ်သတင်းပေးပို့ကြရန် သတင်းထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။ ဥယျာဉ်အာဏာပိုင်များက အရီဇိုးနားပြည်သူ့လုံခြုံရေးဌာနနှင့် ပူးပေါင်း၍ ဘေးလွတ်ရာသို့ ကယ်ဆယ် ရွှေ့ပြောင်းရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး သက်ရောက်မှုရှိသည့် ဧရိယာ အတွင်း ရှိနေနိုင်သူများ၏အခြေအနေကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။ ဩဂုတ်လ ၃၀ ရက် နံနက်ပိုင်းအထိ အဆိုပါဧရိယာမှ လူ ၆၂ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး နောက်ပိုင်းတွင်လည်း ထပ်မံ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန်စီစဉ်ထားကြောင်း ဥယျာဉ်အာဏာပိုင်များ၏ အစောပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ ရုတ်တရက်ရေကြီးမှုကြောင့် Bright Angel တောင်ကြားတစ်လျှောက် အရေးပါသော အခြေခံ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။ ပန်းခြံအာဏာပိုင်များ၏ ပြောကြားချက်အရ Bright Angel စမ်းချောင်းကို ဖြတ်ကျော်တည်ဆောက်ထားသည့် လမ်းလျှောက်တံတားအများစု ပျက်စီးသွားခဲ့သဖြင့် တောင်တက် ခရီးသွားဧည့်သည်များ ယင်းစမ်းချောင်းကို ဖြတ်ကူး၍မရတော့ကြောင်းသိရသည်။ ဩဂုတ်လ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် မိုးကြိုးမုန်တိုင်းများ၊ မိုးသည်းထန်ခြင်းများ ထပ်မံဖြစ်ပေါ်နိုင်သည့် အခြေအနေများရှိရာ ရုတ်တရက်ရေကြီးမှုများ၊ ရွှံ့မြေစီးဆင်းမှုများနှင့် ကျောက်တုံးပြိုကျမှုများ ဖြစ်ပွားနိုင်သလို တောင်တက်လမ်းများနှင့် မြစ်ရေအခြေအနေများ ပြောင်းလဲနိုင်ကြောင်းလည်း သတိပေးထားသည်။ (Repost from Xinhua Myanmar)

31 Aug

ADVERTISE HERE .