“ရေကျဆင်းပါက အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး စက်ယန္တရား၊ မျိုးစေ့နှင့် သွင်းအားစုများ အသင့်ပြင်ဆင်ထား”
31 Aug
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကျဆင်းပါက ရေဘေးသင့်တောင်သူများ အချိန်မီပြန်လည်ထွန်ယက် စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် စက်ယန္တရားများ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးသွင်းအားစုများကို အသင့်စုဖွဲ့ပြင်ဆင် ထားကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းမှာ လေးမျက်နှာမြို့ ပေါ်ရှိ နဝင်းကျောင်းတိုက်အပါအဝင် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူ များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးအတွင်းရှိ တာတမံများ ကြံ့ခိုင်ရေးလုပ်ငန်းများကို မိုးကုန်ကာလတွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေကျဆင်းပြီးနောက် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက် ကြရန် တိုက်တွန်းခဲ့ပါတယ်။ အဲဒီနောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးက ရေဘေးကာလအတွင်း ဖြစ်ပေါ် နိုင်တဲ့ မြွေအန္တရာယ်နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခဲ့ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)