“ပြည်ပရောက်လုပ်သားများ၏ မိသားစုလွှဲငွေ တရားဝင်လမ်းကြောင်းမှလွှဲပို့ရေး အေဂျင်စီများ ပူးပေါင်း ဆောင်ရွက်ရန် အလုပ်သမားဝန်ကြီးတိုက်တွန်း”
31 Aug
ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှ လွှဲပို့စေရေးအတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများအနေဖြင့် တာဝန်ရှိမှု၊ တာဝန်သိမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး က ဩဂုတ်လ ၂၉ ရက်မှာ ပြည်ပသို့ အလုပ်သမားစေလွှတ်လျက်ရှိတဲ့ အေဂျင်စီများမှ မန်နေဂျင်းဒါရိုက်တာများနှင့်တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက ရွှေ့ပြောင်းလုပ်သားများ၏ မိသားစုလွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှ လွှဲပို့ခြင်းက အလုပ်သမားမိသားစုများ၏ လူမှုစီးပွားဘဝကို အထောက်အကူဖြစ်စေတဲ့အပြင် နိုင်ငံအတွက် နိုင်ငံခြား ဝင်ငွေ ပိုမိုရရှိစေကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုကြောင်း ပြောကြားခဲ့ပါတယ်။ အေဂျင်စီများမှတစ်ဆင့် ပြည်ပသို့ စေလွှတ်ခဲ့သည့် အလုပ်သမားများ၏ လုပ်ခလစာမှ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှ လွှဲပို့စေရေးအတွက် အေဂျင်စီနှင့် အလုပ်သမားအကြား သဘောတူညီချက် စာချုပ်ချုပ်ဆိုတဲ့စနစ်ကို ၂၀၂၃ ခုနှစ်မှစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပရောက်အလုပ်သမားများ၏ လွှဲပို့ငွေဆိုင်ရာ အချက်အလက်များ တိကျစွာရရှိရေးနှင့် လွယ်ကူ အဆင်ပြေတဲ့ ငွေလွှဲစနစ်ဖြစ်ပေါ်လာရေးအတွက် Authorized Dealer(AD) လိုင်စင်ရဘဏ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)