“မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းစတင်ဖွင့်လှစ်”
31 Aug
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စု၊ မိုင်းနားကျေးရွာ၏ မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းကို သြဂုတ်လ ၂၉ ရက်နံနက် ၁၀ နာရီခွဲမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ကုန်စစ်ဆေးရေးလုပ်ငန်း များကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကုန်စစ်ဆေးရေးစခန်းဖွင့်ပွဲမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်း ဖွင့်လှစ်နိုင်ခြင်းက ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့စေပြီး နိုင်ငံတော်မှ ရသင့် ရထိုက်တဲ့ အခွန်ဘဏ္ဍာများတိုးပွားရရှိစေကာ တရားမဝင်ကုန်သွယ်မှုများပပျောက်ပြီး ပြည်နယ်အတွင်း အခြေခံ စားသောက်ကုန်၊ လူသုံးကုန်နှင့်တိရစ္ဆာန်အစာများ ပြတ်လပ်မှုမရှိစေရေးအတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။ အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က စခန်းအတွင်း တရုတ်နိုင်ငံမှတင်သွင်းလာတဲ့ ကုန်ပစ္စည်းများကို ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးဆောင်နေမှုများနှင့် ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ် နယ်စပ်ကုန် သွယ်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်နေတဲ့ ကံပိုင်တည်-မြစ်ကြီးနား-မန္တလေးလမ်းကြောင်းနှင့် လွယ်ဂျယ်-ဗန်းမော်-မန္တလေးလမ်းကြောင်းများသည် ၂၀၂၄ ခုနှစ် အတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ ယာယီပိတ်ထားခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကုန်သွယ်ရေး လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရွှေမိုးတောင်ဘုရားမုဒ်ဦးမြေနေရာတွင် ယာယီဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ ယာယီဖွင့်လှစ်ဆောင်ရွက်စဉ် သွင်းကုန်/ပို့ကုန်ယာဉ်စီးရေ ၃,၆၂၄ စီးမှာ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၃၂ ဒသမ ၅၄၇ သန်းကို ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)