“အီရန်နှင့်အမေရိကန်တို့အကြား ငြိမ်းချမ်းရေးဆိုင်ရာနားလည်မှုစာချွန်လွှာသည် လက်ရှိတွင် မသေချာ မရေရာဖြစ်နေကြောင်း အီရန်သမ္မတ ပြောကြား”
31 Aug
အီရန်သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန်က အီရန်နှင့်အမေရိကန်တို့အကြား လက်မှတ်ရေးထိုးခဲ့သော ငြိမ်းချမ်းရေးဆိုင်ရာနားလည်မှုစာချွန်လွှာ (MoU) သည် အီရန်နိုင်ငံ၊ အနောက်အာရှနှင့် ကမ္ဘာကြီးအတွက် အကျိုးရှိ စေသော်လည်း လက်ရှိတွင် မသေချာမရေရာသည့် အခြေအနေတွင်ရှိနေကြောင်း ပြောကြားခဲ့သည်။ အဆိုပါငြိမ်းချမ်းရေးဆိုင်ရာနားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်ခြင်းအားဖြင့် အမေရိကန်နှင့် အစ္စရေးတို့က ဒေသတွင်း၌ မငြိမ်မသက်မှုများ၊ ကျူးကျော်တိုက်ခိုက်မှုများနှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု များကို ဖန်တီးနိုင်တော့မည် မဟုတ်ကြောင်းနှင့်ဒေသတွင်းနိုင်ငံများအနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ အီရန်နိုင်ငံသည် စစ်ပွဲကို စတင်ဖန်တီးသူ ဘယ်သောအခါမျှမဖြစ်ခဲ့ဖူးကြောင်း၊ ၎င်းတို့အနေဖြင့် စစ်ပွဲကိုလိုလားခြင်းမရှိသော်လည်း မည်သည့်ကျူးကျော်သူကိုမဆို ပြင်းထန်စွာခုခံတွန်းလှန်သွားမည်ဖြစ်ပြီး ၎င်းတို့၏စွမ်းအားနှင့်ဆန္ဒအပြည့်အဝဖြင့် ရပ်တည်နေသောနိုင်ငံတစ်နိုင်ငံကို လက်နက်ချစေရန် မည်သည့် အင်အားစုကမျှ အတင်းအကျပ်ပြုလုပ်နိုင် မည်မဟုတ်ကြောင်း အီရန်သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန်က ထပ်လောင်းပြောကြားခဲ့သည်။ ထို့ပြင် ကိုယ်ကျိုးစီးပွားအတွက် ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ဈေးကွက်များကို လိုသလိုခြယ်လှယ်ရန်နှင့် အီရန်အပေါ် အမေရိကန်၏စစ်ပွဲကို ဆက်လက်ကြာရှည်စေရန် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်နေကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး ဆာယက် အာဘတ်စ် အာရာချိက လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားခဲ့သည်။ ဖေဖော်ဝါရီလ ၂၈ ရက်တွင် အစ္စရေးနှင့်အမေရိကန်တို့သည် တီဟီရန်နှင့်အခြားအီရန်မြို့ကြီးများအပေါ် ပူးတွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ အီရန်ကလည်း တုံ့ပြန်သည့်အနေဖြင့် ဒေသတွင်းရှိ အစ္စရေးနှင့်အမေရိကန်တို့၏စစ်အခြေစိုက် စခန်းများနှင့်ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားကာ ဒုံးကျည်များနှင့်ဒရုန်းများဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ဟော်မုဇ် ရေလက်ကြားအပေါ်၎င်း၏ထိန်းချုပ်မှုကို တင်းကျပ်ခဲ့သည်။ ဇွန်လ ၁၈ ရက်တွင် အမေရိကန်နှင့် အီရန်တို့သည် ဒေသတွင်းစစ်ပွဲကို ဘက်ပေါင်းစုံမှအဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေးဆိုင်ရာနားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြသည်။ အဆိုပါစာချွန်လွှာအရ နှစ်နိုင်ငံအနေဖြင့် နောက်ဆုံးသဘောတူညီချက်တစ်ခု ရရှိနိုင်ရန် အတွက် ရက်ပေါင်း ၆၀ အတွင်း (ဩဂုတ် ၁၇ ရက်တွင် ကုန်ဆုံးခဲ့သောကာလအတွင်း) ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်စီစဉ်ထားခဲ့သော်လည်း ပြီးခဲ့သည့်လက နှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက်လာခဲ့ပြီးနောက် ယင်းဆွေးနွေးပွဲများ၏ အလားအလာမှာ မရေမရာဖြစ်နေဆဲဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။