“အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုစည်းမျဉ်းသစ်များကို အကြမ်းဖက်မှုအဖြစ် အီရန်နိုင်ငံပြောကြား”
30 Aug
အမေရိကန်နိုင်ငံ၏ စီးပွားရေးအရေးယူပိတ်ဆို့မှု စည်းမျဉ်းသစ်များကို အစိုးရတစ်ရပ်က တိုက်ရိုက်ပြုလုပ် သော အကြမ်းဖက်မှုအဖြစ် အီရန်အစိုးရက ဩဂုတ် ၂၈ ရက်တွင်ပြောကြားခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ ခြောက်လကြာ အီရန်စစ်ရေးပဋိပက္ခ ပြီးဆုံးရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ရပ်တန့်နေချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် အီရန်နိုင်ငံအပေါ် ဘဏ္ဍာရေးအရ အပြစ်ပေးအရေးယူမှုများ မြှင့်တင်ပြုလုပ် လာခဲ့သည်။ အမေရိကန်နိုင်ငံ၏ စီးပွားရေးအရေးယူပိတ်ဆို့မှု စည်းမျဉ်းသစ်များကြောင့် အီရန်နိုင်ငံအနေဖြင့် စီးပွားရေး ပြဿနာများ ပိုမိုကြီးထွားလာမှုနှင့် ရင်ဆိုင်လာရပြီး ပြည်တွင်းမငြိမ်သက်မှုများ ပေါ်ထွက်လာမည့်အရေးကို အီရန် အစိုးရက စိုးရိမ်လျက်ရှိသည်။ ထို့ပြင် ကမ္ဘာ့နိုင်ငံများအနေဖြင့် နိုင်ငံတကာတရားဥပဒေများအရ အမေရိကန်အစိုးရက အီရန်နိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို လက်မခံသင့်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ အီရန်နိုင်ငံ၏ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းသည် ပြီးခဲ့သည့်လအတွင်း ၆၆ ရာခိုင်နှုန်းထိ ရှိခဲ့ရာ အမေရိကန် အစိုးရ၏ အရေးယူပိတ်ဆို့မှုများကြောင့် အီရန်နိုင်ငံရင်ဆိုင်နေရသော စီးပွားရေးဖိအား ပိုမိုပြင်းထန်လာနိုင်ကြောင်း သိရသည်။