“မြန်မာ-ထိုင်းနှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများ ဆွေးနွေး”
29 Aug
နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Tor Saralamba ထံမှ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားတွင် ဆွေးနွေးပြောကြား ခဲ့ခြင်းဖြစ်ပါတယ်။ ဆွေးနွေးပြောကြားရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံသည် ကောင်းမွန်သော သံတမန်ဆက်ဆံမှုများနှင့်အတူ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာတိုးတက်ကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့သည် ခွဲခွာ၍မရသော အပြန်အလှန်နားလည်ယုံကြည်ရသည့် အိမ်နီးချင်းနိုင်ငံများဖြစ်မှု၊ နှစ်နိုင်ငံကြား ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ် ကုန်သွယ်မှုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရေး ပူးပေါင်းဆောင်ရွက် မှုများ မြှင့်တင်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံသည် ပြည်သူများလိုအားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက် သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံကြား နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်ဇနီး၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။(NVS 008)