“နီပေါနှင့် တရုတ်နိုင်ငံနယ်စပ်တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၅၄၇ ဦးထိ မြင့်တက်လာပြီး လူဦးရေ ၉၀၀ ကျော်ပျောက်ဆုံး”

29 Aug

နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၅၄၇ ဦးထိ မြင့်တက်လာပြီး လူဦးရေ ၉၀၀ ကျော် ပျောက်ဆုံးနေကြောင်း သတင်းများအရ သိရသည်။ ကယ်ဆယ်ရေးသမားများသည် ဩဂုတ်လ ၂၇ ရက်ကတည်းက ဟိမဝန္တာတောင်တန်းဒေသရှိ ချိုင့်ဝှမ်းများနှင့် တောင်စောင်းများ၌ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေကြောင်း၊ ရေခဲမြစ် အရည်ပျော်ကျမှုကြောင့် ဖြစ်ပေါ် ခဲ့ရသည့် အဆိုပါရေကြီးရေလျှံမှုသည် ဟိမဝန္တာတောင်တန်းရှိမြစ်များအတွင်းသို့ စီးဝင်ကာ ကျေးရွာများနှင့် အရေး ပါသည့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ကြောင်းသိရသည်။ နီပေါနိုင်ငံ၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ရေကြီးရေလျှံမှုဖြစ်ပွားရာဒေသရှိ ဘိုတီကိုရှီမြစ်ကို အပျက်အစီးများက ပိတ်ဆို့ထားသဖြင့် ရေမျက်နှာပြင်မြင့်တက်လာကာ မြစ်ကမ်းပါးပြိုနိုင်သည့် အန္တရာယ်ရှိနေကြောင်း၊ အလားတူ တရုတ်နိုင်ငံတွင်လည်း လာမည့်သုံးရက်အတွင်း ရေကုဗမီတာ သုံးသန်းခန့်သည် မြစ်ချောင်းများအတွင်းသို့ စီးဝင်လာနိုင်ကြောင်း၊ စက်တင်ဘာလ ၁ ရက်တွင် မိုးသည်းထန်စွာ ထပ်မံရွာသွန်းနိုင်ပြီး မြစ်ကမ်းပါးပြိုနိုင်သည့် အန္တရာယ်မြင့်မားနေကြောင်း သိရသည်။ နှစ်နိုင်ငံအာဏာပိုင်များသည် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန်နှင့် ရေကြီးမှုကြောင့် လမ်းပန်း ဆက်သွယ်ရေးပြတ်တောက်ကာ ပိတ်မိနေသူများကို အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန် ရဟတ်ယာဉ်များ အသုံးပြုနေကြောင်း သိရသည်။

29 Aug

ADVERTISE HERE .