“မိုင်းရှာသင်္ဘော ခုနစ်စီးဝယ်ယူရန် ဘူလ်ဂေးရီးယားစီစဉ်ထား”

29 Aug

ဘူလ်ဂေးရီးယားနိုင်ငံသည် ဘယ်လ်ဂျီယံနှင့် နယ်သာလန်နိုင်ငံတို့မှ မိုင်းရှာသင်္ဘောခုနစ်စီး ဝယ်ယူရန် စီစဉ်ထားကြောင်း ဩဂုတ်လ ၂၇ ရက် သတင်းများတွင် ရေးသားတင်ပြခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြ ထားသည်။ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပင်လယ်နက်ရေလမ်းကြောင်းများ လုံခြုံရေးနှင့် ရေမြှုပ်မိုင်းများ ရှင်းလင်းရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် ဘယ်လ်ဂျီယံနှင့် နယ်သာလန်နိုင်ငံတို့ထံမှ မိုင်းရှာသင်္ဘောခုနစ်စီးဝယ်ယူရန် ဘူလ်ဂေးရီးယားနိုင်ငံက စီစဉ်ထားခြင်းဖြစ်သည်။ ဘူလ်ဂေးရီးယားနိုင်ငံသည် ရိုမေးနီးယားနိုင်ငံ၊ တူကီယဲနိုင်ငံတို့နှင့်အတူ ပင်လယ်နက်ဒေသတွင်း မျောပါ နေသည့် ရေမြှုပ်မိုင်းများကို ပူးတွဲရှင်းလင်းရန် ယခုနှစ်ဇူလိုင်လအတွင်း သဘောတူထားသည်။ အဆိုပါ နေတိုးအဖွဲ့ဝင် နိုင်ငံ သုံးနိုင်ငံတို့သည် ပင်လယ်နက်ဒေသ၌ ဂျော်ဂျီယာ၊ ရုရှား၊ ယူကရိန်းတို့နှင့် ပင်လယ်နက်ဒေသ၌ ရေပြင် နယ်နိမိတ်ချင်း ထိစပ်နေသောနိုင်ငံများဖြစ်ကြသည်။ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယား၊ တူကီယဲနိုင်ငံတို့သည် ရုရှားနှင့် ယူကရိန်းတို့ကြား ၂၀၂၂ ခုနှစ်တွင် စစ်ရေးပဋိပက္ခ စတင်ဖြစ်ပွားခဲ့ပြီးနောက် ပင်လယ်နက်ဒေသအတွင်း မျောပါနေသော ရေမြှုပ်မိုင်းများကိုရှင်းလင်းရန် ပူးတွဲအလုပ်အဖွဲ့ ဖွဲ့စည်းထားသည်။ ပင်လယ်နက်ဒေသ ရေမြှုပ်မိုင်းများအန္တရာယ်ကို ရှင်းလင်းရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်သည့် အနေဖြင့် မိုင်းရှာသင်္ဘောခုနစ်စီး ထပ်မံအားဖြည့်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

29 Aug

ADVERTISE HERE .