“နေတိုးအဖွဲ့ဝင်နိုင်ငံများကို ရုရှားတိုက်ခိုက်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောကြား”

29 Aug

ရုရှားသမ္မတ ပူတင် အနေဖြင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး) အဖွဲ့ဝင်နိုင်ငံများကို တိုက်ခိုက်မည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ ဩဂုတ်လ ၂၅ ရက်က သွားရောက်ခဲ့သည့် မော်စကိုခရီးစဉ်အတွင်း အမေရိကန်ဗဟိုထောက်လှမ်းရေး အဖွဲ့(စီအိုင်အေ)အကြီးအကဲက နေတိုးအဖွဲ့ဝင်နိုင်ငံများကို မတိုက်ခိုက်ရန် ရုရှားတာဝန်ရှိသူများကို သတိပေး ပြောကြားခဲ့သည်ဟူသော သတင်းများပေါ်ထွက်နေချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ထိုသို့ပြောကြား ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ ရုရှားနိုင်ငံအနေဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံများကို တိုက်ခိုက်မည်မဟုတ်ကြောင်း အမေရိကန်မီဒီယာများနှင့် ဖုန်းဖြင့်ခေါ်ဆိုမေးမြန်းသည့် အင်တာဗျူးတစ်ခု၌ သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ အလားတူ စီအိုင်အေညွှန်ကြားရေးမှူး ဂျွန်ရက်ကလစ်ဖ် အနေဖြင့် မော်စကိုခရီးစဉ်အတွင်း ရုရှားတာဝန်ရှိသူ များနှင့်တွေ့ဆုံစဉ် နေတိုးအဖွဲ့ဝင်နိုင်ငံများကို မတိုက်ခိုက်ရန် သတိပေးပြောကြားခြင်းမျိုး ပြုလုပ်ခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က မီဒီယာများသို့ ထုတ်ဖော်ပြောကြားထားသည်။ မော်စကိုခရီးစဉ်အတွင်း ရုရှားထောက်လှမ်းရေးအဖွဲ့အစည်း အကြီးအကဲများနှင့် တွေ့ဆုံစဉ် စီအိုင်အေ အကြီးအကဲ ဂျွန်ရက်ကလစ်ဖ် သည် ရုရှားနိုင်ငံက အီရန်ကို အားပေးကူညီနေမှုအပါအဝင် အကြောင်းအရာ အများအပြား ဆွေးနွေးခဲ့သည်ဟု အမေရိကန်အစိုးရ သတင်းအရင်းအမြစ်များ ပြောကြားထားကြောင်း သိရသည်။

29 Aug

ADVERTISE HERE .