“PFA တစ်နှစ်တာ နေရာလိုက်အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် အာဆင်နယ်အသင်းမှ ကစားသမား ငါးဦးပါဝင်”

28 Aug

ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားများအဖွဲ့ချုပ်(PFA)မှ ချီးမြှင့်ပေးအပ်သည့် PFA တစ်နှစ်တာ နေရာလိုက် အကောင်းဆုံးကစားသမား ၁၁ ဦး စာရင်းတွင် ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ အာဆင်နယ်အသင်းမှ ကစားသမားငါးဦးအထိ ပါဝင်လာခဲ့ပါတယ်။ ပြီးခဲ့သည့်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ PFA တစ်နှစ်တာ နေရာလိုက်အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် အသင်းလေးသင်းမှ ကစားသမားများသာ ပါဝင်ကြပြီး အာဆင်နယ်အသင်းမှ ငါးဦး၊ မန်စီးတီး အသင်းမှ လေးဦးဖြင့် အများဆုံးပါဝင်လာကာ မန်ယူနှင့် ဘရန့်ဖို့ဒ်အသင်းတို့မှ တစ်ဦးစီပါဝင်ခဲ့ပါတယ်။ PFA တစ်နှစ်တာ နေရာလိုက်အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းမှ ဂိုးသမားနေရာ၌ ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၁၉ ပွဲအထိ ဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုရှင် အာဆင်နယ်အသင်းမှ ဂိုးသမား ရိုင်ယာ ပါဝင်ခဲ့ပါတယ်။ ခံစစ်ကစားသမားလေးဦးနေရာတွင် အာဆင်နယ်နှင့် မန်စီးတီးအသင်းတို့မှ ကစားသမားများသာ ပါဝင်ခဲ့ပြီး အာဆင်နယ်အသင်းမှ တင်ဘာ၊ ဆလီယာ၊ ဂါဘရီရယ် နှင့်အတူ PFA တစ်နှစ်တာအကောင်းဆုံး လူငယ် ကစားသမားဆုရရှိခဲ့တဲ့ မန်စီးတီးအသင်းမှ အိုရွိုင်းလီ ပါဝင်ခဲ့ပါတယ်။ ကွင်းလယ်ကစားသမားသုံးဦးနေရာ၌ မန်စီးတီး အသင်းမှ ရှက်ကီ၊ အာဆင်နယ်အသင်းမှ ဒီကလန်ရိုက်စ် နှင့် မန်ယူအသင်းမှ ဖာနန်ဒက်စ် တို့ပါဝင်ခဲ့ပါတယ်။ တိုက်စစ်ကစားသမားသုံးဦးနေရာ၌ မန်စီးတီးအသင်းမှ ဆီမီညို၊ ဟာလန်း နှင့် ဘရန့်ဖို့ဒ်အသင်းမှ အီဂေါ သီယာဂို တို့ပါဝင်ခဲ့ပါတယ်။(NVS 008)

28 Aug

ADVERTISE HERE .