“မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့်စတင်ခေါ်ယူ”
28 Aug
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပထမနှစ်ဝင်ခွင့်များ စတင်ခေါ်ယူ နေပြီဖြစ်ပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအပြင် GCE A Level နှင့် IB Diploma ရရှိထားသူ များပါ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ တက္ကသိုလ်မှာ တိရစ္ဆာန်ဆေးပညာဘွဲ့(DVM) ၅ နှစ်သင်တန်းနှင့် မွေးမြူရေးပညာဘွဲ့(BASc) ၄ နှစ် သင်တန်း တို့ဖွင့်လှစ်ထားပြီး ယခုနှစ်မှာ သင်တန်းတစ်ခုလျှင် အမျိုးသား ၇၅ ဦးနှင့် အမျိုးသမီး ၇၅ ဦးစီနဲ့ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃၀၀ လက်ခံသွားမှာဖြစ်ပါတယ်။ ဝင်ခွင့်အရည်အချင်းအနေနဲ့ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ STEAMS (1) ဘာသာတွဲနဲ့ DVM သင်တန်း အတွက် စုစုပေါင်း ၄၁၀ မှတ်နှင့် BAScသင်တန်းအတွက် ၃၅၀ မှတ် ရရှိထားရမှာဖြစ်ပါတယ်။ ဒါ့အပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲမှာ မွေးမြူရေးအတတ်ပညာကို Grade A နဲ့ အောင်မြင်ထားသူများလည်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ GCE A Level နှင့် IB Diploma ရရှိထားသူများအနေဖြင့်လည်း သတ်မှတ်ထားသည့် Grade နှင့် Point များနှင့်ကိုက်ညီပါက ဝင်ခွင့်လျှောက်ထားနိုင်မှာြဖစ်တယ်လို့ သိရပါတယ်။ (NVS 008)