“လူနေရပ်ကွက်နှင့် လမ်းမများမှာ အသံချဲ့စက်ဖွင့်လိုပါက ၃ ရက်ကြိုတင်ခွင့်ပြုချက်ယူရမည်”
28 Aug
ရန်ကုန်တိုင်းဒေသကြီးအတွင်း လူနေရပ်ကွက်များနှင့် အများပြည်သူဆိုင်ရာ လမ်းမများပေါ်မှာ အသံချဲ့စက် အသုံးပြုလိုပါက အနည်းဆုံး ၃ ရက်ကြိုတင်၍သက်ဆိုင်ရာသို့ ခွင့်ပြုချက်လျှောက်ထားရမှာဖြစ်ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့် က ဩဂုတ်လ ၂၆ ရက်မှာကျင်းပတဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးနဝမမြောက်နေ့မှာ ဆိပ်ကြီးခနောင်တိုမြို့နယ်မဲဆန္ဒ နယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကျော်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသံချဲ့စက်များကို စည်းကမ်းမဲ့ဆူညံစွာ ဖွင့်လှစ်ခြင်းမရှိစေရေးအတွက် ၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနှင့်အညီ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အသံချဲ့စက်အသုံးပြုလိုတဲ့ ကာယကံရှင် သို့မဟုတ် အဖွဲ့အစည်းအနေနဲ့ အသုံးပြုမည့်အကြောင်းအရာ၊ ရက်စွဲနှင့် အချိန်တို့ကိုဖော်ပြကာ အနည်းဆုံး ၃ ရက်ကြိုတင် လျှောက်ထားရမည်ဖြစ်ပြီး နံနက် ၆ နာရီမှ ည ၉ နာရီ အထိသာ အသုံးပြုခွင့်ပြုကြောင်း ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အများပြည်သူစိတ်ငြိုငြင်အောင် ဆူညံညစ်ညမ်းစွာပြုလုပ်ပါက ရာဇသတ်ကြီးပုဒ်မ ၂၉၄ အရ ထောင်ဒဏ် ၃ လအထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး သတ်မှတ်ဥပဒေများနှင့်အညီ လိုက်နာရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)