“၂ဝ၂၇ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးတက္ကသိုလ်နှင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို ရောင်းချပေးမည်”
28 Aug
၂ဝ၂၇ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို စက်တင်ဘာလ ၁ ရက်မှစတင်၍ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်(ရုံးခွဲ)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက် ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင်ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ လျှောက်လွှာတစ်စောင်လျှင် ၅ဝဝ ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက် ၂,၀၀ဝ ကျပ်တန်ဖိုးရှိ ပညာရေးဝန်ကြီး ဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ လျှောက်လွှာတင်သွင်းရာမှာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်အတွက် အပြာရောင် ဖြေဆိုခွင့်ကတ်ပြားနှင့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် အစိမ်းရောင်၊ ပန်းရောင်ဖြေဆိုခွင့်ကတ်ပြား များဖြင့် လျှောက်လွှာကတ်ပြားပုံစံမှာ ဖြေဆိုမည့်ဘာသာတွဲကို ရွေးချယ်ဖော်ပြရမှာဖြစ်ပါတယ်။ ကျောင်းသား/သူများ၏ စာမေးပွဲဝင်ကြေးအတွက် မိမိတို့သက်ဆိုင်ရာကျောင်းအုပ်ကြီးများထံမှ စာမေးပွဲဝင်ကြေး ၂,၀ဝဝ ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး လျှောက်လွှာတစ်စောင်ချင်းတွင်ကပ်၍ မြို့နယ်ပညာရေးမှူး ရုံးမှ တစ်ဆင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အတွင်းတင်သွင်းရမှာ ဖြစ်ပါတယ်။ သတ်မှတ်ရက်အတွင်း အချိန်မီပေးပို့ခြင်းမရှိသူများက စာမေးပွဲဖြေဆိုခွင့်ရမှာမဟုတ်ဘဲ စာဖြေသူတင်သွင်းတဲ့ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင်ပါရှိတဲ့ ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆို ခွင့်ပြုမှာမဟုတ်ဘဲ ဖြေဆိုမည့်ဘာသာတွဲအလိုက်ပုံစံများ မှန်ကန်မှုရှိ/မရှိသေချာစွာစစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက် ပေးပို့ကြရမှာ ဖြစ်ပါတယ်။ (NVS 008)