“ကမ္ဘာ့မြေဆီလွှာထက်ဝက်ကျော် စိုးရိမ်ဖွယ်ကောင်းစွာ ပျက်စီးလာနေတယ်လို့ ကုလသမဂ္ဂထုတ်ပြန်”

28 Aug

ကမ္ဘာတစ်ဝန်းရှိ မြေဆီလွှာထက်ဝက်ကျော်သည် စိုးရိမ်ဖွယ်ပျက်စီးယိုယွင်းနေပြီး နည်းလမ်းကောင်းတွေ ရှိနေသော်လည်း လက်တွေ့အသုံးမပြုနိုင်သေးဘူးလို့ ကုလသမဂ္ဂအစားအသောက်နှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) က ဩဂုတ်လ ၂၇ ရက်မှာ သတိပေးချက်ထုတ်ပြန်လိုက်သည်။ မြေဆီလွှာပျက်စီးယိုယွင်းမှုကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးနှင့် ဇီဝမျိုးစုံမျိုးကွဲအပေါ် ကြီးမားသည့်ခြိမ်းခြောက်မှုဖြစ်စေတယ်လို့လည်း ဆိုထားသည်။ မြေဆီလွှာ သည် စားနပ်ရိက္ခာထုတ်လုပ်မှု ၉၅ ရာခိုင်နှုန်းကို ထောက်ပံ့ပေးထားပြီး သမုဒ္ဒရာပြီးရင် ကမ္ဘာပေါ်တွင် ကာဗွန် အများဆုံးစုပ်ယူသိုလှောင်ပေးထားတဲ့ သဘာဝအရင်းအမြစ်တစ်ခု ဖြစ်သည်။ သို့သော် လက်ရှိတွင် စိုက်ပျိုးမြေ ၅၂ ဒသမ ၅ ရာခိုင်နှုန်းသည် မြေဆီလွှာများ ညံ့ဖျင်းနေပြီး ၁၄ ရာခိုင်နှုန်းခန့်မှာသာ ကောင်းမွန်သည့်အခြေအနေ ရှိနေကြောင်း သိရသည်။ ၂၀၁၅ ခုနှစ်နောက်ပိုင်း ကမ္ဘာ့လူဦးရေက သန်း ၈၀၀ တိုးလာပြီး စိုက်ပျိုးမြေဧက မြောက်မြားစွာ တိုးချဲ့လာ သော်လည်း မြေဆီလွှာစောင့်ရှောက်မှုသည် လျော့နည်းနေဆဲဖြစ်သည်။ မြေဆီလွှာပျက်စီးရခြင်း၏ အဓိကကျ သည့် အကြောင်းရင်းသည် မြေဆီလွှာတိုက်စားခံရခြင်းကြောင့်ဖြစ်ပြီး သဘာဝဓာတ်သတ္တုလျော့နည်းခြင်း၊ ဓာတ် မြေဩဇာကို အလွန်အကျွံသုံးခြင်းနှင့် မြို့ပြတိုးချဲ့ခြင်းတို့သည် အလွန်သက်ရောက်မှုရှိသည်။ တစ်ချိန်တည်းမှာပင် ရာသီဥတုပြောင်းလဲမှုက အဆိုပါပြဿနာကို ပိုမိုဆိုးရွားစေသည်။ မြေဆီလွှာထိန်းသိမ်းရန် ထွန်ယက်မှုကို လျှော့ချခြင်း၊ ပဲမျိုးစုံနှင့် အခြားသီးနှံတွေကို စိုက်ပျိုးခြင်း၊ သစ်တောနှင့်စိုက်ပျိုးရေးကို ပေါင်းစပ်ခြင်းစသည့် နည်းလမ်းကောင်းများ ရှိနေပြီးသား ဖြစ်သည်။ စိုက်ပျိုးသူများဘက်ကလည်း နည်းပညာကို မသိတာမျိုးမဟုတ်ဘဲ ငွေကြေးနှင့် အရင်း အမြစ်ခက်ခဲမှုများကြောင့် လက်တွေ့မကျင့်သုံးနိုင်ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်ဟု ST သတင်းဌာနဖော်ပြချက်အရ သိရသည်။

28 Aug

ADVERTISE HERE .