“MFF Charity Shield 2026 ပြိုင်ပွဲမှ ကျပ်ငွေသိန်း ၁,၀၀၀ ကို ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်း”
27 Aug
သြဂုတ်လ ၂၅ ရက်က ကျင်းပခဲ့တဲ့ MFF Charity Shield 2026 ပြိုင်ပွဲကနေ ကျပ်ငွေသိန်း ၁,၀၀၀ ကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများထံ လှူဒါန်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ MFF Charity Shield 2026 ပြိုင်ပွဲကို သြဂုတ်လ ၂၅ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာကျင်းပခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။ ပွဲအပြီးမှာ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြရာ M League ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်း က ကျပ်သိန်း ၁၀၀၊ ရွှေခေတ်မြန်မာဘောလုံးသမားများကိုယ်စား ဦးတင်အောင်(ဂိုး)မှ ကျပ်သိန်း ၁၀၀၊ ရှမ်းယူ နိုက်တက်အသင်းက ကျပ်သိန်း ၁၀၀၊ ရန်ကုန်ယူနိုက်တက်အသင်းက ကျပ်သိန်း ၁၀၀၊ ဧရာဝတီအမျိုးသမီး အသင်းက ကျပ်သိန်း ၁၀၀၊ ရတနာပုံအသင်းက ကျပ်သိန်း ၅၀၊ ကွင်းဝင်ကြေး၊ မြန်မာ့လက်ရွေးစင်ကစားသမား များနဲ့ M League တို့က ကျပ်သိန်း ၄၅၀ စုစုပေါင်း ကျပ်သိန်း ၁,၀၀၀ ပေးအပ်ခဲ့ကြပါတယ်။ ရရှိလာတဲ့လှူဒါန်းငွေ ကျပ်သိန်း ၁,၀၀၀ ကို ပုသိမ်မြို့နယ်ဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်အောင်က လက်ခံရယူခဲ့ကြောင်း သိရပါတယ်။ အလှူငွေများပေးအပ်ပွဲနဲ့ ဘောလုံးအသင်းများအား ဆုချီးမြှင့်ပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အကြီးတန်း ဒုဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ ဒုဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ M League ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)