“မြန်မာ-ဗီယက်နမ် B2B ချိတ်ဆက်မှုမှတစ်ဆင့် ခရီးသွားဈေးကွက်သစ်များ ဖော်ဆောင်မည်”

27 Aug

မြန်မာနှင့်ဗီယက်နမ်နိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ကာဈေးကွက် သစ်များ ဖော်ဆောင်နိုင်ရေးအတွက် B2B Mini Workshopနှင့် Famtrip ခရီးစဉ်တစ်ရပ်ကို ဗီယက်နမ်နိုင်ငံမှာ ကျင်းပ ခဲ့ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း(UMTA) ထံမှ သိရပါတယ်။ အဆိုပါခရီးစဉ်ကို ဩဂုတ်လ ၁၅ ရက်မှ ၁၉ ရက်အထိ ဗီယက်နမ်နိုင်ငံ Da Nang–Hue–Hoi An ဒေသများ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး UMTA အသင်းဝင် ကုမ္ပဏီ ၅၈ ခုမှ ခရီးသွားလုပ်ငန်းရှင်များ ပါဝင်ခဲ့ကြပါတယ်။ ခရီးစဉ်အတွင်း ကျင်းပတဲ့ B2B Mini Workshop တွင် UMTA၊ မြန်မာခရီးသွားအေဂျင်စီများ၊ Visit Indochina နှင့် ဗီယက်နမ်ဘက်မှ သက်ဆိုင်ရာခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့အစည်းများနှင့် ခရီးသွားလုပ်ငန်းမိတ်ဖက်များ ပါဝင်ဆွေးနွေးခဲ့ကြ ပါတယ်။ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ၏ ခရီးသွားဈေးကွက်အခြေအနေများ၊ မြန်မာခရီးသွားဧည့်သည်များ၏ လိုအပ်ချက်နှင့် စိတ်ဝင်စားမှုများအပြင် ခရီးသွားလုပ်ငန်းရှင်များအကြား အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်း များကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။ ယခုကဲ့သို့ နှစ်နိုင်ငံခရီးသွားလုပ်ငန်းရှင်များအကြား Business-to-Business (B2B) တိုက်ရိုက်ချိတ်ဆက် ဆွေးနွေးမှုများ တိုးမြှင့်ခြင်းသည် စီးပွားရေးမိတ်ဖက်ကွန်ရက်များ ပိုမိုကျယ်ပြန့်လာစေရန်နှင့် ခရီးသွားထုတ်ကုန်၊ ခရီးစဉ်သစ်များ ဖော်ဆောင်နိုင်ရန် အထောက်အကူဖြစ်စေမည်ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံအကြား ခရီးသွား ဧည့်သည် အပြန်အလှန်ဝင်ရောက်မှု တိုးမြှင့်နိုင်ရေးနှင့် ခရီးသွားဈေးကွက်သစ်များ ဖွင့်လှစ်နိုင်ရေးအတွက်လည်း အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

27 Aug

ADVERTISE HERE .