“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ”
27 Aug
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံသို့ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Le Hoai Trung က သြဂုတ်လ ၂၆ ရက်မွန်းလွဲပိုင်းမှာ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ဗီယက်နမ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှု၊ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်များကို လေးစားတန်ဖိုးထားတယ်လို့ ဆွေးနွေးပြောကြားခဲ့ ပါတယ်။ ဒါ့အပြင် ဗီယက်နမ်နိုင်ငံသမ္မတနှင့် ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ တိုလမ် က မြန်မာ နိုင်ငံတော်သမ္မတကြီးကို ဗီယက်နမ်နိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီးစဉ်လာရောက်ရန် ဖိတ်ကြားမှုနှင့် နိုင်ငံတော် သမ္မတကြီး လာရောက်မည့်ခရီးစဉ်ကို ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုလျက်ရှိမှုကို သတင်းစကားပါးရန် စေလွှတ်ချက် အရ ယခုကဲ့သို့လာရောက်ဂါရဝပြု တွေ့ ဆုံခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်သမ္မတလာရောက်မည့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံကြား နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော ခိုင်မာသည့်ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး နှစ်နိုင်ငံဘုံ အကျိုးစီးပွားအတွက် စာမျက်နှာသစ်၊ ကဏ္ဍသစ်ကိုချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပိုမိုတိုးတက် ခိုင်မာအောင် မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဟုကို ယုံကြည်ကာ ဗီယက်နမ်နိုင်ငံအပေါ် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ နိုင်ငံအဖြစ် မှတ်ယူဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေးရာမှာ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအနေနဲ့ သံတမန်ဆက်ဆံမှု များရှည်ကြာခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် သံတမန်ဆက်ဆံမှု နှစ်(၅၀)ပြည့်မြောက်ကျော်လွန်ခဲ့ပြီဖြစ်ကာ နှစ်နိုင်ငံသည် ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ တူညီမှုများစွာရှိသကဲ့သို့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများလည်း တူညီကြကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ခေတ်အဆက်ဆက်မှာ နှစ်နိုင်ငံခေါင်းဆောင်များကြား ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်းမွန်ခဲ့ကာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း ကောင်းမွန်လျက်ရှိပြီး ယခုမြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခြင်းကြောင့် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)