“နီပေါ၌ ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ကမ္ဘာလှည့်ခရီးသွား ၃၈၄ ဦးထက်မနည်း ပျောက်ဆုံး”
27 Aug
နီပေါနိုင်ငံမြောက်ပိုင်း ရာဆူဝါခရိုင်၌ ရုတ်တရက်ကြီးမားသော ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် နိုင်ငံခြားသား ၂၉၁ ဦးအပါအဝင် ကမ္ဘာလှည့်ခရီးသွား ၃၈၄ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း နီပေါခရီးသွား လုပ်ငန်းဘုတ်အဖွဲ့က ဩဂုတ်လ ၂၆ ရက်တွင် ပြောကြားသည်။ နီပေါခရီးသွားလုပ်ငန်းဘုတ်အဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဆူနေးလ်ရှာမား က ပျောက်ဆုံးနေသော ကမ္ဘာလှည့်ခရီးသွားများတွင် အိန္ဒိယ၊ ဩစတြေးလျ၊ နယ်သာလန်၊ အမေရိကန်ပြည်ထောင်စု၊ မလေးရှား၊ ဗြိတိန်နှင့် တောင်အာဖရိကနိုင်ငံတို့မှ ပါဝင်ကြောင်း ပြောသည်။ နီပေါနိုင်ငံ၌ ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းက ဘိုတဲကိုရှီမြစ်တွင် ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်ပွားပြီး ရာဆူဝါ၊ နူဝါကုတ်နှင့် ဓာဒင်းခရိုင်သုံးခု၌ ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုအများအပြား ဖြစ်ပွား ခဲ့ကြောင်း တာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။ ဘေးဒဏ်သင့်ဒေသများတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပြီး လက်ရှိအချိန်အထိ ၈၈ ဦးထက်မနည်းကို ကယ်ဆယ်ထားနိုင်ပြီဖြစ်ကြောင်း နီပေါတပ်မတော်က ပြောကြားပြီး နောက်ဆုံးထွက်ပေါ်လာသောသတင်းများအရ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၇၂ ဦးရှိပြီး ၄၁ ဦးမှာ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း အာဏာပိုင်များက ပြောကြားသည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။