“မွန်ပြည်နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အခွန်ငွေ ကျပ် ၄၅,၅၈၉ ဒသမ ၆၂၉ သန်း ကောက်ခံရရှိ”
26 Aug
မွန်ပြည်နယ်တွင် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အခွန်အရပ်ရပ်အနေဖြင့် အခွန်ငွေ ကျပ် ၄၅,၅၈၉ ဒသမ ၆၂၉ သန်း ကောက်ခံရရှိခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၁၂၈ ရာခိုင်နှုန်း ကောက်ခံရရှိသဖြင့် အခွန်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိခဲ့ကြောင်း မွန်ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ (၁/၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးမှသိရပါတယ်။ အဆိုပါ အစည်းအဝေးကို ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ပြီး မွန်ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း တက်ရောက်ခဲ့ပြီး နိုင်ငံတော်မှကောက်ခံသည့် အခွန်အကောက်များ အပြည့်အဝကောက်ခံရရှိရေး ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။ ထို့နောက် တွဲဖက်အတွင်းရေးမှူး၊ ပြည်တွင်းအခွန်များဦးစီးဌာန ပြည်နယ်အခွန်ဦးစီးဌာနမှူးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိခြင်းအတွက် သုံးသပ်ခြင်းနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေး ဆောင်ရွက်မည့်အစီ အမံများ၊ အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီးက ဘဏ္ဍာရေးနှစ်အလိုက် အခွန်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။(NVS 008)