“နိုင်ငံ့စီးပွားနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အမှန်တကယ် အလုပ်လုပ်ကြရန်လို”

26 Aug

နိုင်ငံ့စီးပွားနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်အလုပ်လုပ်ကြရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဩဂုတ်လ ၂၅ ရက် မွန်းလွဲပိုင်းမှာ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးတွင် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတက နိုင်ငံတော်တွင် ခေတ်အဆက်ဆက်ကဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကို ပြန်ပြောင်း လေ့လာပါက စီးပွားရေးကျဆင်းမှုကို အဓိကအခြေခံ၍ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်ကို သမိုင်းမှတ်တမ်းများတွင် တွေ့မြင်နိုင်ကြောင်း၊ သို့ဖြစ်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ပကတိအခြေအနေမှန်များကို မှန်မှန်ကန်ကန်ဖြင့် တင်ပြကြရန်လိုကြောင်း၊ တင်ပြသည့် ကိန်းဂဏန်း အချက်အလက်များကို အခြေခံတွက်ချက်၍ နိုင်ငံစီးပွားတိုးတက်မှုရှိစေရေး စီမံချက်များ၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်သည့် အတွက် မြေပြင်ပကတိအခြေအနေမှန်နှင့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုရှိစေရေး စနစ်တကျစိစစ်တင်ပြ ကြရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းအနေဖြင့် စီးပွားရေးအားကောင်းမွန်မှုရှိစေရေးကို ကြိုးပမ်းဆောင်ရွက် လျက်ရှိကြပြီး မိမိတို့အနေဖြင့်လည်း ရနိုင်သမျှသောစွမ်းအားများနှင့် အခွင့်အလမ်းများကို အသုံးချပြီး စီးပွားရေးအား ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံအပေါ် အချို့နိုင်ငံများအနေဖြင့် ထိုက်သင့်သလောက် စီးပွားရေးအရနှင့် နိုင်ငံရေးအရ ပိတ်ဆို့မှုများရှိနေသောကြောင့် တိုးတက်မှုမရရှိဘဲ နှောင့်နှေး နေရခြင်းဖြစ်ကြောင်း၊ ဒါကြောင့် မိမိတို့အနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို မြှင့်တင်၍ ပို့ကုန်ကဏ္ဍမြှင့်တင်ပြီး နိုင်ငံ့စီးပွားရေးတိုးတက်အောင် မဖြစ်မနေဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းရှိ ကုန်ကြမ်းပစ္စည်းများကို အဓိကအသုံးပြုထုတ်လုပ်နိုင်သည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည် ဖြစ်ပြီး သွင်းကုန်အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်ရမှာဖြစ်သလို ပြည်ပပို့ကုန်များ တိုးမြင့်ရရှိလာစေရေးအတွက် လည်း ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက ပြည်ပမှ ထောက်ပံ့ငွေများ၊ ချေးငွေများကို အားကိုးနေ၍ရမည်မဟုတ်ဘဲ ပြည်တွင်း၌ ရှိသမျှသောစွမ်းအားများဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကိုအားပေးကာ နိုင်ငံ့စီးပွားတိုးတက်လာအောင် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ် လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရေခံမြေခံကောင်းများ၊ အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ အဓိက လိုအပ်နေသည့်မှာ အမှန်တကယ်အလုပ်လုပ်ကြရန်နှင့် ပြည်ထောင်စုတိုင်းရင်းသားအားလုံး စုစုစည်းစည်း ညီညီ ညွတ်ညွတ်ဖြင့် တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ကြရန်သာဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်လာစေရေး အလေးထားဆောင်ရွက်သွားကြရန် မှာကြား လိုကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မြေပေါ်မြေအောက် သယံဇာတနှင့် တွင်းထွက်ပစ္စည်း များ ထုတ်ယူဆောင်ရွက်ခြင်းထက် ပြန်လည်ဖြည့်တင်းဆောင်ရွက်နိုင်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများကိုသာ အောင်မြင်အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါတယ်။(NVS 008)

26 Aug

ADVERTISE HERE .