“အာဂျင်တီးနားအသင်းနှင့် ကစားသမားများကို ပြစ်ဒဏ်များချမှတ်”
23 Aug
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အပြီး ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အာဂျင်တီးနားအသင်းနဲ့ ကစားသမားတွေကို ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရပါတယ်။ စပိန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ဗိုလ်လုပွဲအပြီး ကွင်းအတွင်း၌ စပိန်ကစားသမားကို ကိုယ်ထိလက်ရောက် ကျူးလွန် ခဲ့တဲ့ အာဂျင်တီးနားကွင်းလယ်လူ ပါရီဒက်စ် ကို ၁၀ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့သလို နောက်ထပ်ကစားသမား တစ်ဦးဖြစ်တဲ့ မိုလီနာ ကိုလည်း ခုနစ်ပွဲပယ် ပြစ်ဒဏ်များ ချမှတ်ခဲ့တဲ့အပြင် တစ်ဦးကို ဒဏ်ကြေးအဖြစ် ပေါင် ၆၆,၀၀၀ စီ ပေးဆောင်ဖို့လည်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အားကစားနဲ့မဆိုင်တဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ပွဲစဉ်အတွင်းပြုလုပ်ခဲ့မှု၊ အသင်းသားတွေရဲ့ စည်းကမ်း ဖောက်ဖျက်မှုနဲ့ ပရိသတ်တွေကို မထိန်းချုပ်နိုင်ခဲ့တဲ့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကိုလည်း ဒဏ်ကြေး အဖြစ် ပေါင် ၂၃၅,၀၀၀ ပေးဆောင်ရန် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အာဂျင်တီးနားအသင်းကိုလည်း လာမယ့်အိမ်ကွင်းပွဲစဉ် ၂ ပွဲကို ပရိသတ် ၅၀ ရာခိုင်နှုန်းနဲ့သာ ကစားစေရန် ပြစ်ဒဏ်ချမှတ်လိုက်ပြီး ၎င်းပြစ်ဒဏ်ထဲက တစ်ပွဲကိုတော့ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ အဆိုပါအချင်းများမှုမှာ ပါဝင်ခဲ့တဲ့ စပိန်ကွင်းလယ်လူ ဂါဗီ နဲ့ အာဂျင်တီးနားကွင်းလယ်လူ အယ်မေးဒါး တို့ကို လည်း တစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေး ပေါင် ၂၂,၀၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ပါတယ်။(NVS 008)