“ကွန်ဂိုနိုင်ငံ(DRC)တွင် အီဘိုလာရောဂါဖြစ်ပွားမှု ပို၍ပျံ့နှံ့လာနိုင်ခြေ မြင့်မားလျက်ရှိကြောင်း WHO သတိပေး”
20 Aug
ကွန်ဂိုနိုင်ငံ(DRC)တွင် Bundibugyo အီဘိုလာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေမှုသည် မှတ်တမ်းတင်ထားသမျှ အနက် ဒုတိယအကြီးဆုံး အီဘိုလာရောဂါဖြစ်ပွားမှု ဖြစ်လာလျက်ရှိသည်ဖြစ်ရာ ရောဂါဖြစ်ပွားမှုအနေဖြင့် နိုင်ငံ အတွင်းနှင့် နိုင်ငံတကာနယ်နိမိတ်များကို ဖြတ်ကျော်၍ ပိုမိုပျံ့နှံ့လာနိုင်ခြေမှာ ဆက်လက်၍ မြင့်မားနေဆဲ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က သြဂုတ်လ ၁၈ ရက်၌ သတိပေးခဲ့သည်။ အဆိုပါ အီဘိုလာရောဂါဖြစ်ပွားမှုအား နိုင်ငံတကာစိုးရိမ်ဖွယ်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ အဖြစ် လွန်ခဲ့သောသုံးလက ကြေညာခဲ့ပြီးချိန်မှစ၍ ပြည်နယ်ခြောက်ခုနှင့် ကျန်းမာရေးဇုန် ၅၅ ခုတွင် ကူးစက်ခံရသူ ဦးရေ ၅,၀၀၀ နီးပါးနှင့် သေဆုံးသူဦးရေ ၂,၃၀၀ ကျော်ရှိလာကြောင်း Tedros က နိုင်ငံတကာကျန်းမာရေးစည်းမျဉ်းများ (IHR)အရကျင်းပသော ဒုတိယအကြိမ်အရေးပေါ်ကော်မတီအစည်းအဝေးဖွင့်ပွဲတွင် ပြောကြားခဲ့သည်။ “ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်တဲ့အခြေအနေက အလှမ်းဝေးနေဆဲဖြစ်ပါတယ်” ဟု Tedros က ကွန်ဂိုနိုင်ငံ (DRC)၊ ယူဂန္ဓာနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်အတူ ကော်မတီဝင်များအား ပြောကြားခဲ့သည်။ “ဒီရောဂါဖြစ်ပွားမှုက အစပိုင်းမှာ အများကြီးအသာစီးရခဲ့ပြီး ကျွန်တော်တို့က လိုက်မီအောင် လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်” ဟုလည်း ၎င်းကဆိုသည်။ အဆိုပါ အီဘိုလာရောဂါဖြစ်ပွားမှု၏ အမြန်နှုန်းကို “မကြုံစဖူး”အဖြစ် Tedros က ဖော်ပြခဲ့ပြီး မလုံခြုံမှု၊ နေရပ် စွန့်ခွာရမှုနှင့် လမ်းများ၊ မြစ်များနှင့် သတ္တုတွင်းလမ်းကြောင်းများတစ်လျှောက် လူဦးရေထူထပ်စွာ ရွှေ့ပြောင်းနေထိုင် မှုများကြောင့် ယခင်အီဘိုလာရောဂါ ဖြစ်ပွားမှုများထက် ပိုမိုမြန်ဆန်စွာ ပျံ့နှံ့လျက်ရှိခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။ နေအိမ်နှင့် ရပ်ရွာများ၊ ကုသရေးဌာနများ အပြင်ဘက်နှင့် ဆက်သွယ်ရန်စာရင်းများ၌ မပါဝင်သူများကြားတွင် သေဆုံးမှုများစွာ ဖြစ်ပွားနေခြင်းက ၎င်း၏ အကြီးမားဆုံးစိုးရိမ်ပူပန်မှုဖြစ်သည်ဟု Tedros က ပြောကြားခဲ့သည်။ “အဲဒီလိုမျိုး သေဆုံးမှုတိုင်းက ကျွန်တော်တို့မတွေ့ရှိသေးတဲ့ ကူးစက်ရောဂါကွင်းဆက်ကို ညွှန်ပြနေပါတယ်။ ကွင်းဆက်တိုင်းကို ရှာဖွေတွေ့ရှိပြီး မဖြတ်တောက်နိုင်သေးခင်အထိတော့ ရောဂါဖြစ်ပွားမှုက ဆက်လက်ဖြစ်ပွား နေဦးမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ ယူဂန္ဓာနိုင်ငံသည် ကနဦး ကူးစက်ပျံ့နှံ့မှုအပြီးတွင် ကူးစက်မှုကို အောင်မြင်စွာရပ်တန့်နိုင်ခဲ့ကြောင်း Tedros က ချီးကျူးခဲ့သည်။ သို့ရာတွင် မကြာသေးမီက ပြင်သစ်နိုင်ငံ၌ နိုင်ငံတကာခရီးသွားဧည့်သည်တစ်ဦးတွင် ထိုဗိုင်းရပ်စ် ကို တွေ့ရှိခဲ့ပြီး နယ်စပ်ဖြတ်ကျော်ပျံ့နှံ့မှုအန္တရာယ်ကို ထင်ရှားစေခဲ့သည်။ “နယ်စပ်တွေဟာ ရောဂါတုံ့ပြန်ထိန်းချုပ်ရေး ဆောင်ရွက်မှုတွေကိုသာ နှောင့်နှေးစေကောင်း နှောင့်နှေးစေနိုင် မယ်၊ ဗိုင်းရပ်စ်ကိုတော့ မတားဆီးနိုင်ပါဘူး” ဟု Tedros က ပြောကြားခဲ့သည်။ WHO၊ အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၊ ကွန်ဂိုနိုင်ငံ(DRC) အစိုးရနှင့် မိတ်ဖက်တွေက ရပ်ရွာအခြေပြုစောင့်ကြည့်မှုကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး ကုသမှုစွမ်းရည်ကို တိုးချဲ့လျက်ရှိကာ ဘေးကင်းသော ရုပ်အလောင်းမြှုပ်နှံမှုများကို ပံ့ပိုးပေးလျက်ရှိပြီး ရပ်ရွာပါဝင်ဆောင်ရွက်မှုကို အားကောင်းစေလျက်ရှိကာ လက်တွေ့ စမ်းသပ်မှုများကလည်း တိုးတက်လျက်ရှိကြောင်း သိရသည်။ Bundibugyo အီဘိုလာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အထူးဖော်စပ်ထုတ်လုပ်ထားသော ကာကွယ်ဆေး နှစ်မျိုးမှာ လူသားများဖြင့် လက်တွေ့စမ်းသပ်မှုအဆင့်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီး သီးခြား cross-protective ကာကွယ်ဆေးတစ်မျိုးကလည်း တတိယအဆင့်စမ်းသပ်မှုဆီ ဦးတည်နေကြောင်း၊ WHO က ကမကထ ပြုသည့် PARTNERS ကုသမှုစမ်းသပ်မှုတွင် လူနာ ၁၀၀ ကို စာရင်းသွင်းထားပြီးကြောင်း သိရသည်။ အချက်အလက် ပိုမိုမြန်ဆန်စွာမျှဝေခြင်း၊ ပိုမိုအားကောင်းသော စောင့်ကြည့်မှု၊ ရေရှည်တည်တံ့သော ရန်ပုံငွေ၊ ပိုမိုကောင်းမွန်သော ဝင်ရောက်ခွင့်နှင့် လုံခြုံရေး၊ ပိုမိုနီးကပ်သော နယ်စပ်ဖြတ်ကျော် ညှိနှိုင်းဆောင်ရွက်မှုများကို အရေးတကြီးလိုအပ်နေသေးကြောင်း Tedros က ပြောကြားခဲ့သည်။ အီဘိုလာရောဂါဖြစ်ပွားမှုအား တုံ့ပြန် ထိန်းချုပ်ရေး ဆောင်ရွက်မှုများကြောင့် ငှက်ဖျား၊ ကာလဝမ်းရောဂါ၊ အဆုတ်ရောင်ရောဂါနှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် မီးဖွားပြီးစမိခင် သေဆုံးမှုအပါအဝင် အခြားခြိမ်းခြောက်မှုကြီးများအတွက် မရှိမဖြစ်လိုအပ်သော ကျန်းမာရေး ဝန်ဆောင်မှုများကို အနှောင့်အယှက်မဖြစ်စေရန်လည်း ၎င်းက သတိပေးခဲ့သည်။ လက်ရှိတွင် အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် ကုသနည်းမရှိသေးသည့် Bundibugyo အီဘိုလာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေမှုကို ကွန်ဂိုနိုင်ငံ(DRC) အာဏာပိုင်များက မေလ ၁၅ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)