“ပြည်ပကစားသမား ၇ ဦးအထိ ခေါ်ယူထားတဲ့ MNL တန်းတက် ချင်းလန်းအသင်း”
20 Aug
ပြီးခဲ့တဲ့ရာသီက MNL-2(ပထမတန်း)ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီး ယခုရာသီ MNL ပြိုင်ပွဲဆီ တန်းတက်ကစားခွင့် ရထားတဲ့ ချင်းလန်းအသင်းဟာ ပြည်ပကစားသမား ၇ ဦးအထိ ခေါ်ယူထားကြောင်း သိရပါတယ်။ ချင်းလန်းအသင်းဟာ ဘာကီနာဖာဆိုနောက်ခံလူ ဘာဂါယာ၊ ကင်မရွန်းနောက်ခံလူ ဂျင်ဂီ၊ ဘီနင် ကွင်းလယ်လူ မားစ်၊ ဂါနာကွင်းလယ်လူ သောမတ်စ်၊ ဂါနာတိုက်စစ်မှူး ဖိလစ်၊ ဂီနီတိုက်စစ်မှူးဆယ်လပ်စ်နဲ့ ဆယ်ဖာ တို့ကို ခေါ်ယူထားခြင်းဖြစ်ပါတယ်။ ယင်းကစားသမား ၇ ဦးထဲက ဂါနာကွင်းလယ်လူ သောမတ်စ် နဲ့ တိုက်စစ်မှူး ဖိလစ် တို့ဟာ ပြီးခဲ့တဲ့ရာသီက ချင်းလန်းအသင်းမှာ ကစားခဲ့သူများဖြစ်ပြီး သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ချင်းလန်းအသင်းဟာ ပြီးခဲ့တဲ့ရာသီ MNL-2 (ပထမတန်း) ပြိုင်ပွဲမှာ ၁၄ ပွဲကစား၊ ၁၀ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၃၂ မှတ်နဲ့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ချင်းလန်းအသင်းက လက်ရှိမှာ ရာသီကြိုခြေစမ်းပွဲများ ဆက်တိုက်ကစားနေပြီး စစ်ကိုင်း ယူနိုက်တက် အသင်းနဲ့ ခြေစမ်းပွဲမှာ ၃ ဂိုး၊ ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ (NVS 008)