“မူစီယာလာ ရဲ့အခြေအနေ ကောင်းမွန်ကြောင်းအတည်ပြု”
19 Aug
လိုက်ပ်ဇစ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ကစားခဲ့တဲ့ တယ်လီကွန်ဖလားပွဲစဉ်အတွင်း ကွင်းထဲမှာ လဲကျခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မူစီယာလာ ရဲ့ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ ဘိုင်ယန် မြူးနစ်အသင်း အားကစားဒါရိုက်တာ အာဘယ် က အတည်ပြုပြောကြားခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် မူစီယာလာ ဟာ ပွဲချိန် ၇၁ မိနစ်မှာ လူစားလဲဝင်ရောက်လာတာဖြစ်ပြီး ပွဲပြီးကာနီးမှာ ကွင်းအတွင်း၌ လဲကျခဲ့ပါတယ်။ မူစီယာလာ ကို ဘိုင်ယန်အသင်းနဲ့ လိုက်ပ်ဇစ်အသင်း ဆေးအဖွဲ့ဝင်တွေက ကွင်းထဲမှာ အချိန်အတော်ကြာအောင် ကုသပေးခဲ့ပြီးနောက် ပြန်လည်ကောင်းမွန်လာခဲ့ပြီး အသင်းတာဝန်ရှိသူတွေက ဆက်လက် မကစားစေဘဲ အသင်းဖော် အန်ဒိုင်ယီ နဲ့ လူစားလဲခဲ့ပါတယ်။ မူစီယာလာ အနေနဲ့ ကျန်းမာရေးအခြေအနေအရ လဲကျခဲ့တာမျိုးမဟုတ်ဘဲ ပွဲကစားချိန်မှာ မြင့်မားတဲ့ အပူချိန် ကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ပွဲကစားချိန်မှာ မြူးနစ်မြို့ရဲ့ အပူချိန်က ၃၀ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်နေခဲ့ပါတယ်။ မူစီယာလာ ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ဘိုင်ယန်မြူးနစ်အသင်းဘက်က တရားဝင်ထုတ်ပြန်တာ မရှိသေးပေမယ့် အားကစားဒါရိုက်တာ အာဘယ် က မူစီယာလာ ရဲ့အခြေအနေ ကောင်းမွန် ကြောင်း အတည်ပြုထားပါတယ်။(NVS 008)