“ရှေးဟောင်းဝတ္ထုပစ္စည်း အပ်နှံသူများအတွက် ထပ်ဆောင်းတန်ဖိုးနှင့် ရှားပါးအနုပညာလက်ရာ တန်ဖိုးများကိုပါ ထည့်သွင်းချီးမြှင့်နိုင်ရေးဆွေးနွေး”

18 Aug

ရှေးဟောင်းဝတ္ထုပစ္စည်းများကို နိုင်ငံတော်သို့ အပ်နှံသူများအတွက် ဆုကြေးငွေနှုန်းထားများကို ခေတ်နှင့် လျော်ညီစွာ တိုးမြှင့်သတ်မှတ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၇ ရက်က ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ရန်ကုန်ဌာနခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်၊ ရှေးဟောင်းသုတေသန အကြံပေးပညာရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ ကြပါတယ်။ ဦးစီးဌာနအနေနဲ့ လက်ရှိမှာ ရှေးဟောင်းဝတ္ထုပစ္စည်းများကို မူလတန်ဖိုး၊ ခေတ်ကာလတန်ဖိုးနှင့် ခေတ် လက်ရာ တန်ဖိုးများအလိုက် ဆုကြေးငွေချီးမြှင့်လျက်ရှိသော်လည်း ယခင်နှုန်းထားများမှာ လက်ရှိခေတ်ကာလနှင့် မလျော်ညီတော့သဖြင့် ပြန်လည်ပြင်ဆင်တိုးမြှင့်ရန်၊ ကျောက်ခေတ်မှ ကိုလိုနီခေတ်အထိ ရှေးဟောင်းဝတ္ထုပစ္စည်း များကို ပစ္စည်းအမျိုးအစားနှင့် ခေတ်ကာလအလိုက် ခွဲခြားသတ်မှတ်ကာ ယခင်တန်ဖိုးများအပြင် ထပ်ဆောင်း တန်ဖိုးနှင့် ရှားပါးအနုပညာလက်ရာ တန်ဖိုးများကိုပါ ထည့်သွင်းချီးမြှင့်နိုင်ရန် ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့စေရန်၊ တရားမဝင် ရောင်းဝယ်ဖောက်ကား မှုများမှ ကာကွယ်နိုင်ရန်နှင့် ပြည်ပသို့ ယဉ်ကျေးမှုအမွေအနှစ်များ မရောက်ရှိစေရန်ရည်ရွယ်၍ ဆုကြေးငွေနှုန်းထား တိုးမြှင့်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားရှိပါတယ်။ အဆိုပါဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူများအနေနဲ့ မိမိတို့၏ ပတ်ဝန်းကျင်၊ လယ်ယာ မြေများတွင် ရှာဖွေတွေ့ရှိသည့် သို့မဟုတ် ဝါသနာအလျောက် စုဆောင်းထိန်းသိမ်းထားသည့် ရှေးဟောင်းဝတ္ထုပစ္စည်း များရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်အပ်နှံကြရန် တိုက်တွန်းထားကြောင်း သိရပါတယ်။ (NVS-004)

18 Aug

ADVERTISE HERE .