“အမေရိကန်စစ်ဌာနချုပ်တစ်ခု၏ မြေပုံတွင် ဂါဇာနှင့်အနောက်ဘက်ကမ်းကို အစ္စရေးပိုင်နက်အဖြစ် ဖော်ပြထား”

17 Aug

အမေရိကန်၏စစ်ဌာနချုပ်တစ်ခုဖြစ်သည့် အလယ်ပိုင်းဒေသစစ်ဌာနချုပ်သည် လူမှုကွန်ရက်ပေါ်၌ တင်ခဲ့သော အရှေ့အလယ်ပိုင်းမြေပုံတစ်ခုတွင် ဂါဇာကမ်းမြောင်ဒေသနှင့် အနောက်ဘက်ကမ်းဒေသတို့ကို အစ္စရေးပိုင်နက်အဖြစ် ထည့်သွင်းဖော်ပြထားတာကြောင့် ပထဝီဝင်ဆိုင်ရာလွဲမှားဖော်ပြမှုအဖြစ် ဝေဖန်အပြစ်တင် ခံနေရသည်။ ထိုမြေပုံကို အလယ်ပိုင်းဒေသစစ်ဌာနချုပ်မှူး၏ ဒေသတွင်း ၁၀ ရက်ကြာ ခရီးစဉ်နှင့်ပတ်သက်သော သတင်းထုတ်ပြန်ချက်တွင် ပူးတွဲဖော်ပြခဲ့ခြင်း ဖြစ်သည်။ မြေပုံထဲတွင် အခြားနိုင်ငံများ၏ နယ်နိမိတ်များကို စနစ်တကျ ပိုင်းခြားဖော်ပြပေးထားသော်လည်း ပါလက်စတိုင်းပိုင်နက်များဖြစ်သည့် ဂါဇာနှင့် အနောက်ဘက် ကမ်းဒေသကို အစ္စရေးနိုင်ငံနှင့် ခွဲခြားထားသည့် နယ်နိမိတ်မျဉ်းများ ထည့်သွင်းထားခြင်းမရှိသည်ကို တွေ့ရသည်။ ဂါဇာနှင့်အနောက်ဘက်ကမ်းဒေသတို့သည် ပါလက်စတိုင်းပဋိပက္ခနှင့် အရှေ့အလယ်ပိုင်းဒေသတွင်း မတည်ငြိမ်မှုများ၏ အဓိကဗဟိုချက်ဖြစ်နေချိန်တွင် အမေရိကန်စစ်ဌာနချုပ်တစ်ခု၏ ယခုလိုနယ်နိမိတ် ချန်လှပ် ဖော်ပြမှုကို သိသာထင်ရှားသည့် မှားယွင်းမှုတစ်ရပ်အဖြစ် ဝေဖန်သူများက ထောက်ပြထားသည်။ လက်ရှိ အမေရိကန်၏ အပြည့်အဝထောက်ခံမှုဖြင့် အစ္စရေးသည် ဂါဇာနှင့် လက်ဘနွန်တို့တွင် စစ်ရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

17 Aug

ADVERTISE HERE .