“ကိုင်ရိုမြို့၌ ဟားမတ်စ်ကိုယ်စားလှယ်အဖွဲ့နှင့် အီဂျစ်ထောက်လှမ်းရေးအကြီးအကဲ တွေ့ဆုံဆွေးနွေး”
17 Aug
ပါလက်စတိုင်း ဟားမတ်စ်လှုပ်ရှားမှုအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ ရောက်ရှိလာ ပြီး အီဂျစ်ထောက်လှမ်းရေး အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဆော်ဒီအာရေဗျနိုင်ငံ၏ Al-Hadath ရုပ်သံလိုင်းက ဟားမတ်စ်အဖွဲ့၏ သတင်းအရင်းအမြစ်ကို ကိုးကား၍ ဩဂုတ်လ ၁၆ ရက်တွင် ဖော်ပြထား သည်။ ဟားမတ်စ်အဖွဲ့၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ခါလစ်အယ်ဟေယာ ဦးဆောင်သော ဟားမတ်စ်ကိုယ်စားလှယ် အဖွဲ့သည် ကိုင်ရိုမြို့သို့ ရောက်ရှိနေပြီး ယခုအခါ အီဂျစ်ထောက်လှမ်းရေးအကြီးအကဲ ဟာဆန်ရာရှဒ်နှင့် ဆွေးနွေးမှု များပြုလုပ်နေကြောင်း သိရသည်။ ဟားမတ်စ်အဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသအတွက် ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏အစီအစဉ်ကို အစ္စရေး ဘက်က လိုက်နာဆောင်ရွက်လာစေရေးနှင့်ပတ်သက်၍ ဆွေးနွေးနေကြောင်း Asharq ရုပ်သံလိုင်းတွင် ဖော်ပြထား သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဂါဇာအတွက် ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏အချက် ၁၅ ချက်ပါ အစီအစဉ်ကို ငြင်းပယ်ကြောင်းနှင့် ဟားမားစ်အဖွဲ့အနေဖြင့် လက်နက်များကို အလုံးစုံဖျက်သိမ်းခြင်းမပြုမချင်း ဂါဇာမှအစ္စရေးတပ်ဖွဲ့ဝင်များ ထွက်ခွာသွားမည်မဟုတ်ကြောင်း ဩဂုတ်လ ၉ ရက်တွင် ပြောကြားထားသည်။ ဂါဇာ ကမ်းမြောင်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်၏ နောက်ဆက်တွဲအဆင့်များကို အကောင် အထည်ဖော်ရန် လမ်းပြမြေပုံကို ဟားမတ်စ်အဖွဲ့က သဘောတူကြောင်း ဇူလိုင်လနှောင်းပိုင်းတွင် ကြေညာထား သည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။