“စက်မှုလုပ်ငန်းများကိုကောက်ခံနေတဲ့ လျှပ်စစ်ဓာတ်အားခကို တစ်ယူနစ်ကျပ် ၉၀၀ မှ ၆၀၀ ကျပ်သို့ လျော့ချပေး”

17 Aug

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေတဲ့ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ကျပ် ၉၀၀ မှ ၆၀၀ ကျပ်သို့လျော့ချပေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သြဂုတ်လ ၁၆ ရက်မှာ အသိပေးခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏများပြားတဲ့ ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုလုပ်ငန်းများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အချက်များနှင့် ပြည့်စုံပါက နေ့စဉ်ည ၁၁ နာရီမှ နောက်နေ့ နံနက် ၅ နာရီ အထိ အချိန်ကာလအတွင်း တစ်ယူနစ်လျှင် မူလကောက်ခံသော ကျပ် ၉၀၀ မှ ကျပ် ၆၀၀ သို့လျှော့ချ၍ ဓာတ်အား ရယူသုံးစွဲခွင့်ပေးခြင်းကို ပထမအဆင့်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။ အခုလိုဆောင်ရွက်နိုင်ခြင်းနဲ့ မိုးရာသီ၌အချိန်နှင့်အမျှ ဆုံးရှုံးနေတဲ့ ရေများမှ နိုင်ငံတော်အတွက် ဝင်ငွေရရှိ လာခြင်း၊ ဓာတ်အားစနစ်တည်ငြိမ်မှုရှိလာခြင်း၊ သတ်မှတ်ချက်နှင့်ကိုက်ညီပြီး ဆန္ဒရှိတဲ့ စက်မှုလုပ်ငန်းကြီးများက ညဘက်သို့ ပြောင်းရွှေ့လုပ်ငန်းဆောင်ရွက်ခြင်းကြောင့် နေ့ပိုင်းတွင် လျှပ်စစ်မီးသုံးစွဲသူများသို့ ပိုမိုဖြန့်ဖြူးပေးနိုင်ခြင်း၊ စက်မှုလုပ်ငန်းရှင်များအနေနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချနိုင်ခြင်း အကျိုးကျေးဇူးများရရှိစေမှာ ဖြစ်ပါတယ်။ အဆိုပါအစီအစဥ်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လက်ရှိအခြေအနေပေါ်မူတည်၍ ပထမအဆင့် အနေနဲ့ စတင်စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်ရာ မိဘပြည်သူများအနေနဲ့ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ် ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် အပြုသဘောဖြင့် အကြံဉာဏ်များပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့နဲ့ ကူညီကြရန် မေတ္တာရပ်ခံအပ်ခဲ့ပါတယ်။ အသေးစိတ်သိရှိလိုပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးချုပ် ဖုန်း ၀၉-၄၅၀၅၄၁၂၀၀ နှင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဖုန်း ၀၉-၄၂၈၃၀၄၂၀၃ နှင့် Hot Line ၁၇၁၇ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 008)

17 Aug

ADVERTISE HERE .