“ဓာတုပစ္စည်းနှင့် ဆက်စပ်လုပ်ငန်းလိုင်စင်များနှင့် သယ်ယူပို့ဆောင်ခြင်းအတွက် ခွင့်ပြုချက်များထုတ်ပေး”
17 Aug
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ ပြည်တွင်းသွင်းကုန်နှင့် ပြည်ပပို့ကုန် ထောက်ခံချက်များအပြင် စွန့်ပစ်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းနှင့် စွန့်ပစ်ခြင်းလုပ်ငန်းလိုင်စင်များ၊ သယ်ယူပို့ဆောင်ခွင့်ပြုချက်များကို စနစ်တကျထုတ်ပေးလျက်ရှိကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားခဲ့ပါတယ်။ ဩဂုတ်လ ၁၅ ရက်က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနမှာ ကျင်းပတဲ့ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ပညာရပ်ဆိုင်ရာအဖွဲ့အစည်းအဝေး(၁/၂၀၂၆)မှာ ဒုတိယဝန်ကြီးက ပြောကြား ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ လိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ ထောက်ခံချက်နှင့် ခွင့်ပြုချက်များကို ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေးအဖွဲ့က ထုတ်ပေးလျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ဓာတုပစ္စည်း စီမံခန့်ခွဲရေးဗဟိုဌာနကို ၂၀၂၆ ခုနှစ် မတ်လ ၂၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများ စနစ်တကျသုံးစွဲနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ယင်းလုပ်ငန်းများအနက် ဓာတုပစ္စည်းစီမံခန့်ခွဲမှုသင်တန်းနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု သင်တန်းတို့ကို သက်ဆိုင်ရာဌာနများမှ သင်တန်းသား ၆၆ ဦးအား ပို့ချပေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)