“အောင်လံမြို့နယ်မှ ရေဘေးသင့်သူများကို ဆန်နှင့် စားသောက်ကုန်များထောက်ပံ့”
17 Aug
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်မှာ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်သူများကို ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီရွှေ့ပြောင်းပေးလျက်ရှိပါတယ်။ အဆိုပါယာယီရေဘေးကယ်ဆယ်ရေးစခန်းများမှာ ခိုလှုံနေထိုင်ကြတဲ့ ရေဘေးသင့်သူများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များမှ သြဂုတ်လ ၁၅ ရက်နံနက်ပိုင်းမှာ အောင်လံမြို့၊ သရက်တောရပ်ကွက်၊ လယ်ပြင် ဘုန်းတော်ကြီးကျောင်းမှာ ဆန်အိတ်များ၊ စားသုံးဆီများ၊ ခေါက်ဆွဲခြောက်များ၊ ရေသန့်ဗူးများနှင့် ထမင်းဗူးများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရပါတယ်။ အဲဒီနောက် တာဝန်ရှိသူများက ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ မြို့နယ်အတွင်းရှိ ရေဝင်ရောက်နေသော ရပ်ကွက်/ကျေးရွာများ၌ ရေတက်ရောက်နေမှုကိုကြည့်ရှုပြီး ရေဘေးသင့်သူများကို ဘေးကင်းလုံခြုံသည့်နေရာများသို့ ရွှေ့ပြောင်းနိုင်ရေး၊ ၎င်းတို့၏ အိမ်ထောင်စုပစ္စည်းများကို လုံခြုံစွာရွှေ့ပြောင်းပေးနိုင်ရေးအတွက် တာဝန်ရှိသူများ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)