“ကယားနှင့် ရှမ်းပြည်နယ်တို့မှထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက်သို့ ပိုမို ပို့လွှတ်နိုင်ရန်ဆောင်ရွက်နေ”
15 Aug
ကယားနှင့် ရှမ်းပြည်နယ်တို့မှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက်သို့ ပိုမိုပို့လွှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့်ဓာတ်အားများကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက်သို့ ပိုမိုသယ်ဆောင်နိုင်ရန်၊ ဓာတ်အားစနစ်တည်ငြိမ်စေရန်နှင့် ဗို့အား တိုးတက် ကောင်းမွန်စေရန်တို့အတွက် ၁၃၂ ကေဗွီ တီကျစ်-ကလော ဓာတ်အားလိုင်း၏ လက်ရှိ အလူမီနီယံသတ္တုလျှပ်ကူးကြိုး ACSR ကို ဝန်အားနှစ်ဆကျော်အထိ တိုးမြှင့်သယ်ဆောင်နိုင်သည့် နည်းပညာမြင့်ဖိုင်ဘာအူတိုင် အလူမီနီယံဓာတ်အား လိုင်းကြိုး ACCC ဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းဆောင်ရွက်မှုကို ဩဂုတ်လ ၁၄ ရက် နံနက် ၆ နာရီမှ ဩဂုတ်လ ၁၆ ရက် ညနေ ၆ နာရီအထိ ဓာတ်အားပိတ်ကာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်နေစဉ် လိုအပ်ပါက ဝန်အား ထိန်းညှိ ဆောင်ရွက်သွားမှာဖြစ်လို့ သက်ဆိုင်ရာပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှတဆင့် ပြည်သူများထံသို့ အသိပေးထားရှိပြီးဖြစ်ကြောင်းနှင့် ဓာတ်အားလိုင်းကြိုးလဲလှယ်ပြီးပါက ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက်သို့ ပိုမိုပို့လွှတ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။(NVS 008)