“တောင်ကိုရီးယားရှိ စာသင်ကျောင်းများစွာ ဖုန်းကင်းစင်နေရာများ ဖြစ်လာမည်”
15 Aug
တောင်ကိုရီးယား ပညာရေးတာဝန်ရှိသူများက စာသင်ကျောင်းတချို့မှာ ဖုန်းများယူဆောင်မှုကို တားမြစ် ကန့်သတ်တဲ့ ရှေ့ပြေးအစီအစဉ်တွေကို လုပ်ဆောင်နေသည်။ အခုဆိုရင် ၎င်းအစီအစဉ်ကို နောက်ထပ်ကျောင်းများ မှာပါ တိုးချဲ့လုပ်ဆောင်သွားဖို့ ပြင်ဆင်နေကြောင်းသိရသည်။ ဒါကြောင့် တောင်ကိုရီးယားရှိ ကျောင်းများစွာ၌ ဖုန်းကင်းစင်နေရာများဖြစ်လာတော့မည်ဖြစ်သည်။ ၂၀၂၆ ခုနှစ်အကုန် ရောက်တဲ့အချိန်မှာ ဂျောင်ဂျီပြည်နယ်ရှိ စာသင်ကျောင်းပေါင်း ၃၀၀ က ဖုန်းကင်းစင် ကျောင်းများဖြစ်လာနိုင်ကြောင်း ပညာရေးတာဝန်ရှိသူများက ပြောသည်။ ၎င်းအစီအစဉ်မှာပါဝင်တဲ့ စာသင်ကျောင်း များအနေနဲ့ ပညာရေးသင်ကြားမှုနဲ့ ပတ်သက်မှုမရှိတဲ့ စမတ်ဖုန်းအသုံးပြုမှုကို ကန့်သတ်သွားရမှာဖြစ်ပြီး စမတ်ဖုန်းများ အသုံးပြုမည့်အစား စာဖတ်ခြင်း၊ အနုပညာလုပ်ခြင်း၊ ယဉ်ကျေးမှုအစီအစဉ်များလုပ်ခြင်းနဲ့ အားကစားလုပ်ခြင်းတို့ကို ပိုမိုအားပေးသွားမည်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းသားအချင်းချင်းသာမက အခြားသူများအနေဖြင့် ဆိုက်ဘာအနိုင်ကျင့်မှု ကျူးလွန်နေတဲ့အတွက် ဒါကိုလျှော့ချနိုင်ဖို့ စာသင်ကျောင်းများမှာ ဖုန်းအသုံးပြုမှုကို တားမြစ်လာခြင်းဖြစ်သည်။