“၂၀၂၈ ခုနှစ်မှစတင်ပြီး ကိုပါအမေရိကဖလားပြိုင်ပွဲကို လေးနှစ်လျှင်တစ်ကြိမ် ပုံမှန်ပြန်လည်ကျင်းပမည်”
14 Aug
တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ၂၀၂၈ ခုနှစ်မှစတင်ပြီး ကိုပါအမေရိကဖလားပြိုင်ပွဲကို လေးနှစ်လျှင် တစ်ကြိမ် ပုံမှန်ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကိုပါအမေရိကဖလားပြိုင်ပွဲက တောင်အမေရိကဇုန်တွင် အဆင့်အတန်းအမြင့်မားဆုံး ပြိုင်ပွဲတစ်ခုဖြစ်ပြီး ကိုပါအမေရိကဖလားပြိုင်ပွဲ စတင်ကျင်းပချိန်မှစပြီး ချီလီနိုင်ငံ၌ ကျင်းပခဲ့သည့် ၂၀၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲ အထိ တခြားထိပ်တန်းပြိုင်ပွဲကြီးများဖြစ်သည့် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ယူရိုဖလားပြိုင်ပွဲတို့ကဲ့သို့ လေးနှစ်လျှင်တစ်ကြိမ် ကျင်းပခဲ့သော်လည်း နောက်ပိုင်းပြိုင်ပွဲများကို လေးနှစ်လျှင်တစ်ကြိမ်မဟုတ်ဘဲ ပြောင်းလဲကျင်းပခဲ့ပါတယ်။ ကိုပါအမေရိကဖလားပြိုင်ပွဲကို နောက်ပိုင်းကာလတွင် လေးနှစ်လျှင်တစ်ကြိမ် ကျင်းပခြင်းမရှိတော့ဘဲ ၂၀၁၆ ခုနှစ်တွင် ချီလီနိုင်ငံ၊ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ဘရာဇီးနိုင်ငံ၊ နောက်ဆုံးအကြိမ်ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် တွင် အမေရိကန်နိုင်ငံတို့၌ ကျင်းပခဲ့သော်လည်း လာမည့်ပြိုင်ပွဲကို လေးနှစ်လျှင်တစ်ကြိမ် ပြန်လည်ကျင်းပမှာဖြစ်လို့ ၂၀၂၈ ခုနှစ်မှသာ ပြန်လည်ကျင်းပသွားမှာဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တဲ့ ၂၀၂၄ ခုနှစ် ကိုပါအမေရိကဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းက ကိုလံဘီယာအသင်းကို အနိုင်ရရှိကာ ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ပြီးနောက် လက်ရှိချန်ပီယံအသင်းအဖြစ် ရပ်တည် နေပြီး အာဂျင်တီးနားအသင်းက စုစုပေါင်းချန်ပီယံဆုဖလား ခြောက်ကြိမ်အထိရယူထားကာ အအောင်မြင်ဆုံးအသင်း အဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။(NVS 008)