“လက်စတာအသင်းကို ပေါင် ၂၂၄ သန်းနဲ့ ရောင်းချမည်”
14 Aug
ထိုင်းနိုင်ငံအခြေစိုက် King Power လုပ်ငန်းစုက လက်စတာအသင်းကို ပေါင် ၂၂၄ သန်းနဲ့ ရောင်းချဖို့ ဈေးကွက်တင်ထားကြောင်း သိရပါတယ်။ King Power က လက်စတာစီးတီးအသင်းကို လိဂ်ချန်ပီယံရှစ်မှာ ယှဉ်ပြိုင်နေခဲ့ချိန် ၂၀၁၀ ခုနှစ်မှာ ပေါင် ၃၅ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ၂၀၁၅-၁၆ ရာသီမှာတော့ လက်စတာအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို အံ့အားသင့်ဖွယ်ရယူနိုင်ခဲ့သလို၊ King Power က ပိုင်ဆိုင်ပြီးနောက်ပိုင်း ၂၀၂၀-၂၁ ရာသီမှာ FA ဖလားလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် FA ဖလားရရှိပြီးနောက်ပိုင်း အသင်းက ကျဆင်းလာခဲ့ပြီး ၂၀၂၂-၂၃ ရာသီမှာ ပရီးမီးယားလိဂ်ကနေ လိဂ်ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရတဲ့အပြင် ပြီးခဲ့တဲ့ရာသီမှာတော့ League One အထိပါ ထပ်မံတန်းဆင်းခဲ့ရပါတယ်။ လက်စတာအသင်းအနေနဲ့ အရှုံးပေါ်မှုနဲ့အတူ ဘဏ္ဍာရေးအခက်အခဲတွေလည်း ရှိလာခဲ့တာကြောင့် အသင်းပိုင်ရှင် အိုင်ယာဝတ် က ရောင်းထုတ်ဖို့စီစဉ်လာခြင်းဖြစ်ပြီး လေ့ကျင့်ရေးကွင်း၊ ညီအစ်မကလပ် OH Leuven တို့လည်း ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။ အိုင်ယာဝတ် က လက်စတာအသင်းကို ပေါင် ၂၂၄ သန်းနဲ့ ရောင်းချဖို့ Citibank မှာ ဈေးကွက်တင်ထားခြင်းဖြစ်ပြီး အလျင်စလို ရောင်းထုတ်သွားမှာမဟုတ်ကြောင်းလည်း သိရပါတယ်။ (NVS 008)