“ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်မည်”

14 Aug

ဝမ်းပျက်/ဝမ်းလျှောဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေး စျေးသည်များ ၅ ရက်ပိတ်မည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင် က ပြောကြားခဲ့ပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ်လ ၉ ရက်မှ ၁၂ ရက်အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ လူနာ ၁၈၀ ကျော်ရှိခဲ့ပြီး ၎င်းတို့အနက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါပိုး တွေ့ရှိသူ ၅၄ ဦးအထိ ရှိခဲ့ပါတယ်။ ယခုအခါ ရောဂါဖြစ်ပွားမှုများပြားတဲ့ လမ်းမတော်၊ လသာ၊ ပန်းပဲတန်းနှင့် ကျောက်တံတားမြို့နယ်များ၌ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့တော် စည်ပင်၊ ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ ပူးပေါင်းကာ လမ်းဘေး အစားအသောက်များနှင့် သောက်သုံးရေများကို ကွင်းဆင်းစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ အဆိုပါမြို့နယ်များအတွင်း ဝမ်းပျက်ဝမ်းလျှောဖြစ်စေမည့် လက်လုပ်ချဉ်၊ အသုပ်၊ ဒုတ်ထိုး စသည့် ဆိုင်များအား တစ်ပတ်ခန့်ရောင်းချခွင့် ရပ်နားထားကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးရာသီကာလတွင် ဖြစ်ပွားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုမရှိစေရေး တိုင်းဒေသကြီးကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီမှ တာဝန်ရှိသူ များက လုပ်အပ်သည့်ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ဩဂုတ်လ ၁၂ ရက် ညနေပိုင်းအထိ စာရင်းများအရ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံသို့လာရောက်ကုသမှု စုစုပေါင်း ၁၈၂ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ပိုးတွေ့ရှိသူ ၉၃ ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၁ ဦးရှိကြောင်း သိရပါတယ်။ (NVS 008)

14 Aug

ADVERTISE HERE .