“MSME လုပ်ငန်းရှင်များ ကျပ်သန်း ၁၀၀ အထိ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေထုတ်ချေးပေးမည်”

14 Aug

အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအတွက် အများဆုံးကျပ်သန်း ၁၀၀ အထိ သက်သာသောအတိုးနှုန်းနဲ့ ချေးငွေလျှောက်ထားနိုင်ပြီး အာမခံပစ္စည်း မပေးနိုင်သူများလည်း Credit Guarantee Insurance (CGI) စနစ်နဲ့ အများဆုံးကျပ်သန်း ၅၀ အထိ လျှောက်ထား နိုင်ကြောင်း သိရပါတယ်။ MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် နှင့် ပုဂ္ဂလိကဘဏ် ၁၆ ဘဏ်တို့မှတစ်ဆင့် ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေရယူလိုတဲ့ လုပ်ငန်းရှင်များအနေနဲ့ သက်ဆိုင်ရာမြို့နယ် သို့မဟုတ် ခရိုင် MSME အေဂျင်စီများမှာ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ချေးငွေပမာဏအနေနဲ့ အသေးစားနှင့်အငယ်စားလုပ်ငန်းများအတွက် အများဆုံးကျပ်သန်း ၅၀ အထိနှင့် အလတ်စားလုပ်ငန်းများအတွက် အများဆုံးကျပ်သန်း ၁၀၀ အထိ လျှောက်ထားနိုင်ကြောင်း ဖော်ပြထားပါတယ်။ ချေးငွေကို ပုံသေပစ္စည်း(Fixed Capital)အတွက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းနှင့်အထက် အသုံးပြုပါက ချေးငွေသက်တမ်း အများဆုံး သုံးနှစ်နှင့် တစ်နှစ်လျှင် အတိုးနှုန်း ၃ ရာခိုင်နှုန်း သတ်မှတ်ထားပြီး လှည့်ပတ်ငွေ (Working Capital) အတွက် ၁၀၀ ရာခိုင်နှုန်း အသုံးပြုပါက ချေးငွေသက်တမ်း အများဆုံး တစ်နှစ်ခွဲနှင့် တစ်နှစ်လျှင် အတိုးနှုန်း ၄ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။ ဒါ့အပြင် အာမခံပစ္စည်းမပေးနိုင်တဲ့ MSME လုပ်ငန်းရှင်များအနေနဲ့ CGI စနစ်နဲ့ အများဆုံးကျပ်သန်း ၅၀ အထိ လျှောက်ထားနိုင်ပြီး တစ်နှစ် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြစ်ကာ အာမခံကြေးကို သီးခြားပေးဆောင်ရမှာ ဖြစ်ပါတယ်။ အာမခံပစ္စည်းဖြင့် ချေးငွေလျှောက်ထားရာမှာ ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ လန (၃၉) မြေ၊ ပုံစံ (၇) မြေများအပြင် RC ကွန်ကရစ်တိုက်၊ အုတ်ညှပ်အဆောက်အအုံ၊ Steel Structure နှင့် ကွန်ဒိုတိုက်ခန်းများကို အာမခံပစ္စည်းအဖြစ် လက်ခံပေးမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှ ချေးငွေရယူလိုတဲ့ လုပ်ငန်းရှင်များအနေနဲ့ သက်ဆိုင်ရာ MSME အေဂျင်စီများမှာ သတ်မှတ်ချက်များ နှင့်အညီ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ (NVS 008)

14 Aug

ADVERTISE HERE .