“ဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပြီး ကယ်ဆယ်ရေးစခန်း ၂ ခု ထပ်မံဖွင့်လှစ်”

14 Aug

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေက စိုးရိမ်ရေ အမှတ်အထက်သို့ မြင့်တက်လာခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂ ခု ထပ်မံဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။ သံလွင်မြစ်ရေက ဘားအံမြို့၏ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာထက် ကျော်လွန်ကာ ဩဂုတ်လ ၁၃ ရက် မှာ တိုင်းတာချက်အရ ၈၄၁ စင်တီမီတာသို့ ရောက်ရှိနေပါတယ်။ ဒါကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများမှာ နေထိုင်သည့် ရေဘေးသင့်ပြည်သူများ အဆင်ပြေစွာ ပြောင်းရွှေ့နိုင်ရန်အတွက် ရွှေယဉ်မျှော်ယာယီကယ်ဆယ်ရေး စခန်းနှင့် အ-ထ-က (၃) ကျောင်းအားကစားရုံ ယာယီကယ်ဆယ်ရေးစခန်းတို့ကို ထပ်မံဖွင့်လှစ်ကာ ပြောင်းရွှေ့နေရာ ချထားပေးလျက်ရှိပါတယ်။ လက်ရှိတွင် ဘားအံမြို့မှာ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၄ ခုအထိ ဖွင့်လှစ်ထားကာ စုစုပေါင်းလူဦးရေ ၁,၅၈၁ ဦး ပြောင်းရွှေ့နေထိုင်နေကြောင်း သိရပါတယ်။ ရေဘေးသင့်အိမ်ထောင်စုများကို ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အချိန်နှင့်တစ်ပြေး ညီ ဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ပေးလျက်ရှိပါတယ်။ (NVS 008)

14 Aug

ADVERTISE HERE .