“ထိုင်းဘုရင့်ဖလားပြိုင်ပွဲမှာ မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့ ရွှေတံဆိပ် ၁ ခု၊ ငွေ တံဆိပ် ၃ ခု ဆွတ်ခူး”

13 Aug

(၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့ဟာ ပြိုင်ပွဲအပြီးမှာ ရွှေတံဆိပ် ၁ ခု၊ ငွေ တံဆိပ် ၃ ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။ (၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို သြဂုတ်လ ၃ ရက်မှ ၁၁ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၉ နိုင်ငံက အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးအစားခြောက်မျိုး ထည့်သွင်းကျင်းပခဲ့ကြောင်း သိရပါတယ်။ မြန်မာပိုက်ကျော်ခြင်းအဖွဲ့ဟာ ယင်းပြိုင်ပွဲကို အုပ်ချုပ်သူနည်းပြ ခြောက်ဦး၊ အမျိုးသားကစားသမား ၁၅ ဦး၊ အမျိုးသမီးကစားသမား ကိုးဦးတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်းဟာ သုံးယောက်တွဲအသင်းလိုက်၊ လေးယောက်တွဲနဲ့ ကွင်းသွင်း ခြင်းခတ်အမျိုးအစား၊ မြန်မာအမျိုးသမီးပိုက် ကျော်ခြင်းအသင်းဟာ နှစ်ယောက်တွဲ၊ လေးယောက်တွဲနဲ့ ကွင်းသွင်း ခြင်းခတ်အမျိုးအစားတို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရပါတယ်။ မြန်မာအမျိုးသား ပိုက်ကျော်ခြင်း အသင်းဟာ လေးယောက်တွဲ အုပ်စု(C)မှာ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ မလေးရှားအသင်းတို့နဲ့ ကျရောက်ခဲ့ပြီး အုပ်စုအဆင့်ကို ကျော်ဖြတ်ကာ ဆီမီးအဆင့်တွင် ဂျပန်အသင်း၊ ဗိုလ်လုပွဲတွင် အိမ်ရှင်ထိုင်းအသင်းကို အနိုင်ရပြီး ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းက နှစ်ယောက်တွဲ အုပ်စု(B)တွင် ပါကစ္စတန်၊ အိန္ဒိယတို့ကို ကျော်ဖြတ်ပြီး ဆီမီးအဆင့်မှာ အိမ်ရှင်ထိုင်းအသင်းကို အနိုင်ရရှိကာ ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပေမယ့် ဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းကို ရှုံးနိမ့်ပြီး ငွေတံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ မြန်မာအမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းအသင်းများဟာ ကွင်းသွင်းခြင်းခတ်အမျိုးအစားများမှာ နှစ်သင်း စလုံး ငွေတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။ အမျိုးသားကွင်းသွင်းခြင်းခတ်ပြိုင်ပွဲကို ထိုင်း၊ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ လာအို၊ အီရတ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှားအသင်း ကိုးသင်းပတ်လည်ယှဉ်ပြိုင်ခဲ့ ကြပါတယ်။ အမျိုးသမီးကွင်းသွင်းခြင်းခတ်ကိုမူ ထိုင်း၊ မြန်မာ၊ လာအို၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရတ်၊ တိုင်ပေ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် အသင်းကိုးသင်း ပတ်လည်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့ဟာ အမျိုးသားသုံးယောက်တွဲ အသင်းလိုက်နဲ့ အမျိုးသမီးလေးယောက်တွဲတို့တွင်မူ ဆုရရှိခြင်းမရှိကြောင်း သိရပါတယ်။ (NVS 008)

13 Aug

ADVERTISE HERE .