“သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံမြို့မှာ ယာယီရေဘေးစခန်းများဖွင့်လှစ်ပေးထား”
13 Aug
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် မြို့ပေါ်ရှိ မြေနိမ့်ပိုင်း လူနေရပ်ကွက် အချို့အတွင်း မြစ်ရေများ ဝင်ရောက်လျက်ရှိပြီး ရေဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြောင်း သိရပါတယ်။ ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် မြစ်ရေမြင့်တက်မှုကြောင့် ဘားအံမြို့ အမှတ်(၅)ရပ်ကွက်ရှိ အုတ်မှုတ်စိန် လမ်းနှင့် အောင်နန်း(၄)လမ်းဆုံ၊ ရော်ဘာခြံ(၄)လမ်းနှင့် အမှတ်(၂)ရပ်ကွက် သီတာအရှေ့လမ်းတို့မှာ ရေဝင်ရောက်မှု များဖြစ်ပေါ်နေပါတယ်။ အဆိုပါရေဝင်ရောက်မှု အခြေအနေများနှင့်ပတ်သက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အနိမ့်ပိုင်းရပ်ကွက်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ ပါတယ်။ ဝန်ကြီးချုပ်က သံလွင်မြစ်ရေ ယခုထက်ပိုမိုမြင့်တက်လာပါက မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေးနေ ပြည်သူများ ကို ရေလွတ်ရာသို့ အချိန်နှင့်တစ်ပြေးညီ ပြောင်းရွှေ့ပေးနိုင်ရေးနှင့်ယာယီရေဘေးစခန်းများသို့ နေရာချထားပေး နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်မှာကြားခဲ့ပါတယ်။ လက်ရှိမှာ ဘားအံမြို့နှင့် သံလွင်မြစ်ကမ်းဘေးဒေသမှ ပြည်သူ များရေဘေးအန္တရာယ်ကင်းရှင်းစေရန် မြို့ပေါ်ရပ်ကွက်များ၌ ယာယီရေဘေးစခန်း ၁၆ ခု၊ ကျေးရွာ အုပ်စုများမှာ ၁၁ ခု စုစုပေါင်း ၂၇ ခု ဖွင့်လှစ်ပြင်ဆင်ထားပါတယ်။ (NVS 008)