“စိန်ခေါ်မှုများကိုဖြေရှင်းရာမှာ မျိုးဆက်သစ်လူငယ်များ၏ အရည်အချင်းများ အဓိကမောင်းနှင်အားဖြစ်”
13 Aug
စိန်ခေါ်မှုများကိုဖြေရှင်းရာမှာ လူငယ်များအရေးကြီးတဲ့ အခန်းကဏ္ဍမှပါဝင်နေခြင်းနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က သြဂုတ်လ ၁၂ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ "နောက်ခံမတူငြား၊ ရည်မှန်းတူထား၊ လူငယ်အား"ဆောင်ပုဒ်နှင့်အညီကျင်းပတဲ့ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ယနေ့ကမ္ဘာကြီးမှာ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ၊ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပညာများ ဖွံ့ဖြိုးတိုးတက် လာခြင်းနှင့်အတူ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများ၊ သဘာဝဘေးအန္တရာယ်ရိုက်ခတ်မှုများ၊ လူမှုစီးပွားစိန်ခေါ်မှု များက နိုင်ငံတစ်နိုင်ငံချင်းစီ၏ နယ်နိမိတ်များကိုကျော်လွန်ပြီး ကမ္ဘာလုံးဆိုင်ရာဘုံအရေးကိစ္စများအဖြစ်ပေါ်ပေါက် လျက်ရှိတယ်လို့ နိုင်ငံတော်သမ္မတ က ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်သမ္မတက အဆိုပါစိန်ခေါ်မှုတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ မျိုးဆက်သစ် လူငယ် တွေရဲ့ တက်ကြွတဲ့ ပေါင်းစည်းအား၊ အခက်အခဲကို အခွင့်အရေးအဖြစ် အသွင်ပြောင်းလဲနိုင်မှုအရည်အသွေးနဲ့ ဆန်းသစ် တီထွင်ဖန်တီးနိုင်မှုတွေက အဓိကမောင်းနှင်အားတွေအဖြစ်ပါဝင်နေပါကြောင်း ဒါကြောင့်အနာဂတ်အတွက် အရေးပါတဲ့ စွမ်းအားစုများဖြစ်သော လူငယ်များ၏ ရည်မှန်းချက်နှင့် အခွင့်အလမ်းများကို ပိုမိုဖော်ဆောင်ပေးနိုင်ရန်နှင့် လူငယ်များ ကြုံတွေ့နေရတဲ့ အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် ထိရောက်တဲ့ ပံ့ပိုးကူညီမှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို စနစ်တကျချဉ်းကပ်ဆောင်ရွက်ရန် အလွန်အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)