“ရန်ကုန်မြို့မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ ၈၄ ဦး တွေ့ရှိ”

13 Aug

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသသည့် ဝမ်းပျက်ဝမ်းလျှောလူနာဦးရေ ပုံမှန်ထက် ပိုမိုများပြား လာသည့် အခြေအနေနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းမှန်ပြန်ကြားရေးက သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ ထိုသို့ ဖြေကြားရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသသည့် ဝမ်းပျက်ဝမ်းလျှောလူနာများမှာ ဩဂုတ်လ ၉ ရက်မှ ၁၀ ရက်အတွင်း ၂၈ ဦး စတင်ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ထို့နောက် ဩဂုတ်လ ၁၁ ရက်မှာ လူနာသစ် ၇၀ ဦး ထပ်မံရောက်ရှိလာခဲ့သဖြင့် ဩဂုတ်လ ၁၁ ရက်အထိ စုစုပေါင်း ဆေးရုံတက်လူနာ ၉၈ ဦးရှိခဲ့ကာ ယင်းအနက်မှ ၈ ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး အသက် ၉၂ နှစ်အရွယ် သက်ကြီးလူနာတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဆက်လက်၍ ဩဂုတ်လ ၁၂ ရက်တွင် လူနာသစ် ၈၄ ဦး ထပ်မံရောက်ရှိလာခဲ့ပြီး ယနေ့အထိ စစ်ဆေးတွေ့ရှိ ချက်များအရ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၅၄ ဦးရှိကြောင်း သိရပါတယ်။ လက်ရှိမှာ အဆိုပါဝမ်းပျက်ဝမ်းလျှောရောဂါ ရုတ်တရက်ဖြစ်ပွားလျက်ရှိတဲ့ လမ်းမတော်၊ လသာ၊ ပန်းပဲတန်းနှင့် ကျောက်တံတား မြို့နယ်များအတွင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ ပူးပေါင်းကာ အစားအသောက်နှင့် သောက်သုံးရေများကို စနစ်တကျစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်အရ သိရပါတယ်။

13 Aug

ADVERTISE HERE .