“ဆာလာဟ် ကိုခေါ်ယူခဲ့ပြီးနောက် ထရန်ဇွန်စပေါလ်အသင်းရဲ့ တစ်ရာသီစာလက်မှတ်ရောင်းချရမှု သိသိသာသာ မြင့်တက်လာ”
12 Aug
တူကီယဲထိပ်တန်းကလပ် အသင်းဖြစ်သည့် ထရန်ဇွန်စပေါလ်အသင်းက လီဗာပူးအသင်းမှ ဆာလာဟ် ကို ခေါ်ယူခဲ့ပြီးနောက် ရက်ပိုင်းအတွင်း အသင်းတစ်ရာသီစာ လက်မှတ်ရောင်းချရမှု သိသိသာသာမြင့်တက်လာခဲ့ပြီး အသင်းဝင်ငွေမှာလည်း များစွာမြင့်တက်လာခဲ့ကြောင်း The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ထရန်ဇွန်စပေါလ်အသင်းက ဆာလာဟ်ကို လီဗာပူးအသင်းထံမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ခဲ့လို့ ပြောင်းရွှေ့ကြေး ပေးချေရခြင်းမရှိခဲ့သော်လည်း မြင့်မားတဲ့လုပ်ခလစာအဖြစ် တစ်နှစ်လုပ်ခ ယူရိုသန်း ၃၀၊ လက်မှတ် ထိုးကြေးအဖြစ် ယူရိုသန်း ၂၀၊ အေးဂျင့်ခအဖြစ် ယူရို ၁၄ သန်းတို့အပြင် တူကီယဲနိုင်ငံ၌ ဇိမ်ခံအိမ်တစ်လုံး၊ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ဇိမ်ခံအိမ်တစ်လုံး၊ ၎င်း၏မိသားစုဝင်များဖြစ်သည့် ဖခင်၊ မိခင်၊ ညီဖြစ်သူနှင့် ဇနီးတို့ အတွက် BMW ဇိမ်ခံကား တစ်စီးစီ ပေးအပ်မှာဖြစ်ပါတယ်။ ထရန်ဇွန်စပေါလ်အသင်းက ဆာလာဟ် ကိုခေါ်ယူခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် သုံးရက်အတွင်း တစ်ရာသီ လက်မှတ်အစောင် ၁၈,၀၀၀ ထိ ရောင်းချနိုင်ခဲ့တဲ့အတွက် အသင်းရဲ့လက်မှတ်အစောင်ရေ ကန့်သတ်ချက် သုံးပုံတစ်ပုံကို ရက်ပိုင်းအတွင်းမှာပင် ရောင်းချနိုင်ခဲ့ပါတယ်။ ဆာလာဟ် အနေနဲ့ အစောပိုင်းက ထရန်ဇွန်စပေါလ် အသင်းရဲ့ ပြိုင်ဘက်အသင်းဖြစ်သည့် ဘီဆစ်တပ်အသင်းထံသို့ ပြောင်းရွှေ့ရန်နီးစပ်ခဲ့သော်လည်း ထရန်ဇွန်စပေါလ် အသင်းက မြင့်မားသည့်ခံစားခွင့်များဖြင့် ကြားဖြတ်ကမ်းလှမ်းကာ ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)