“ဥရောပရွှေဖိနပ်ဆုကို ဘိုင်ယန်မြူးနစ်အသင်းမှ ဟယ်ရီကိန်း ဒုတိယအကြိမ်မြောက်ဆွတ်ခူး”

12 Aug

ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟယ်ရီကိန်း က ဥရောပသွင်းဂိုးအများဆုံး ကစားသမားဆုဖြစ်သည့် ရွှေဖိနပ်ဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးခဲ့ကြောင်း Sportsgully သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်က ဥရောပသွင်းဂိုးအများဆုံး ကစားသမားဆုဖြစ်သည့် ရွှေဖိနပ်ဆုကို ဥရောပ ထိပ်တန်းလိဂ်ငါးခုဖြစ်သည့် ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ ပြင်သစ်လီဂူဝမ်း၊ အီတလီစီးရီးအေ၊ ဂျာမန်ဘွန်ဒက်လီဂါ ပြိုင်ပွဲတို့မှာကစားနေတဲ့ ကစားသမားများအတွက် သွင်းဂိုးတစ်ဂိုးလျှင် ရမှတ်နှစ်မှတ်၊ ကျန်လိဂ်မှ ကစားသမားများ အတွက် သွင်းဂိုးတစ်ဂိုးလျှင် ရမှတ် ၁ ဒသမ ၅ မှတ်ဖြင့် သတ်မှတ်ကာ ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဟယ်ရီကိန်း အနေနဲ့ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ဂျာမန်ဘွန်ဒက်လီဂါ ပြိုင်ပွဲတွင် သွင်းဂိုး ၃၆ ဂိုးထိ သွင်းယူနိုင်ခဲ့လို့ ရမှတ် ၇၂ မှတ်ရရှိကာ ဥရောပရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဟယ်ရီကိန်း က ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကလည်း စပါးအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ ခဲ့ပြီးနောက် ပထမဆုံးဘောလုံးရာသီမှာပင် ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲ၌ သွင်းဂိုး ၃၆ ဂိုးသွင်းယူခဲ့ကာ ပထမဆုံး ဥရောပရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်မြောက် ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

12 Aug

ADVERTISE HERE .