“အမရပူရမြို့နယ်အတွင်းမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်”

12 Aug

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ကျေးရွာပေါင်း ၁၄ ရွာတွင် ဒုဋ္ဌဝတီမြစ်ရေဝင်ရောက်မှုကြောင့် အဆိုပါကျေးရွာများမှ အိမ်ထောင်စုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံပြည်သူများစုပေါင်း၍ ရေလွတ်ရာနေရာများသို့ ယာယီပြောင်းရွှေ့ နေထိုင်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ ဒုဋ္ဌဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အမရပူရမြို့နယ်အတွင်းရှိ တောင်ကိုင်းကျေးရွာအုပ်စု၊ ကင်းဘက် ကျေးရွာအုပ်စု၊ တလင်းကြီးကျေးရွာအုပ်စု၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ဆေးအိုးဘိုကျေးရွာအုပ်စု၊ ဥယျာဉ်တော် ကျေးရွာအုပ်စု၊ ဘုန်းတော်နိုင်ငံကျေးရွာအုပ်စု၊ ဖရဲကျွန်းကျေးရွာအုပ်စုနှင့် ရွှေကြက်ယက်ကျေးရွာအုပ်စုတို့မှ ကျေးရွာ ပေါင်း ၁၄ ရွာအတွင်း မြစ်ရေဝင်ရောက်ခဲ့ပြီး အိမ်ခြေ ၅၆၂ စု၊ အိမ်ထောင်စု ၅၇၄ စု၊ လူဦးရေ ၁,၉၈၇ ဦး ရေဘေး သင့်ခဲ့ကာ စိုက်ပျိုးမြေဧရိယာစုစုပေါင်း ၄၄ ဧကတွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် က တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ဩဂုတ်လ ၁၁ ရက် တွင် ရေဘေးသင့်ပြည်သူများအား တောင်ကိုင်းကျေးရွာအုပ်စု မြအင်းကျေးရွာရှိ မြရိပ်စိုဓမ္မာရုံသို့ သွားရောက်တွေ့ဆုံ အားပေးခဲ့ပြီး ရေဘေးသင့်ပြည်သူများထံ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ပါတယ်။ မြစ်ရေဝင်ရောက်ခဲ့သည့် ကျေးရွာအုပ်စုများအတွင်း ရေများပြန်လည်ကျဆင်းနေမှု အခြေအနေ၊ ရန်ကုန်-မန္တလေး ကားလမ်းရှိ မြစ်ငယ်တံတားကြံ့ခိုင်မှုအခြေအနေများကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရပါတယ်။(NVS 008)

12 Aug

ADVERTISE HERE .