“ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ တိုးလ်ဂိတ် ၆ ခုတွင် မော်တော်ယာဉ်များ ရပ်တန့်စရာမလိုဘဲ ဖြတ်သန်း နိုင်မည့် Toll Pass RFID စနစ် စမ်းသပ်ဆောင်ရွက်နေ”
12 Aug
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် တိုးလ်ဂိတ်များ၌ Electronic Toll Collection (ETC) စနစ်အား Radio Frequency Identification Device (RFID) ပါဝင်သည့်စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲလျက်ရှိရာ အသုံးပြု သူများအနေဖြင့် Toll Pass Mobile Application နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် တိုးလ်ဂိတ် ၆ ခုတွင် တပ်ဆင်၍ စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး မကြာမီအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ အဆိုအပါ Toll Pass RFID စနစ်ပြီးစီးပါက မော်တော်ယာဉ်များ တိုးလ်ဂိတ်တွင် ရပ်တန့်စရာမလိုဘဲ Freeflow ဖြတ်သန်းနိုင်ခြင်း၊ အချက်အလက်များ ပိုမိုတိကျမှန်ကန်စွာ စုဆောင်းနိုင်ပြီး ငွေသားဖြင့်ပေးဆောင်ရန် မလိုအပ်ဘဲ လေလွင့်ဆုံးရှုံးမှုများ ပပျောက်ကာ Cashless စနစ်သို့ ပြောင်းလဲနိုင်ခြင်းစသော အကျိုးကျေးဇူးများ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ လမ်းအသုံးပြုခကောက်ခံနေသည့် တိုးလ်ဂိတ်များကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင် က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာမှာ နေပြည်တော်တိုးလ်ဂိတ်၌ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ပုံမှန်သွားလာလျက်ရှိသော ခရီးသည်တင်မှန်လုံယာဉ်ကြီးများနှင့် ကုန်တင်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာဖြင့် စည်းကမ်းတကျမောင်းနှင်စေရေးအတွက် Telematic စနစ် တပ်ဆင် ထားပြီး မော်တော်ယာဉ်များကို စောင့်ကြည့်ထိန်းသိမ်းခြင်းအခြေအနေ၊ ယခင်အသုံးပြုနေသည့် ETC စနစ်ကို RFID စနစ်ဖြင့် လမ်းအသုံးပြုခပေးချေသည့်စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)ရှိ တိုးလ်ဂိတ် ၃ ဂိတ်တွင် တပ်ဆင်စမ်းသပ်ဆောင်ရွက်မှု အခြေအနေနှင့် ၁၁၅ မိုင် (ဖြူး)တိုးလ်ဂိတ်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။(NVS 008)