“MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်ဘီလီယံ ၁၅၀ ကို MSME ချေးငွေအဖြစ် ထုတ်ချေး နိုင်ရေးဆောင်ရွက်”

12 Aug

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ငွေကျပ်ဘီလီယံ ၁၇၀ မတည်ကာ ၎င်းမတည်ငွေမှ ငွေကျပ်ဘီလီယံ ၁၅၀ ကို MSME ချေးငွေအဖြစ် ထုတ်ချေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၆) အစည်းအဝေးမှ သိရပါတယ်။ အစည်းအဝေးကို ဩဂုတ်လ ၁၀ ရက် မွန်းလွဲပိုင်းက ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၌ ကျင်းပခဲ့ပြီး ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က MSME လုပ်ငန်းရှင်များ ချေးငွေရယူရာတွင် အဆင်ပြေစေရန် ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအပေါ် ပြင်ဆင်ဖြေလျှော့ ပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အာမခံပစ္စည်းပေးအပ်နိုင်ခြင်းမရှိ၍ CGI စနစ်ဖြင့် ချေးငွေရယူလိုပါက ငွေကျပ်သန်း ၅၀ အထိတိုးမြှင့်၍ ချေးငွေအာမခံဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် MSME ချေးငွေလုပ်ငန်းစဉ်များ ကြန့်ကြာမှုမရှိဘဲ လွယ်ကူလျင်မြန်စွာ ထုတ်ချေးပေးနိုင်ရေးတို့ကို အမှာစကားပြောကြား ရာတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ က လက်ရှိ MSME ချေးငွေအများဆုံး ပမာဏ ငွေကျပ်သန်း ၁၀၀ သတ်မှတ်ထားရှိမှုကို တိုးမြှင့်သတ်မှတ်နိုင်ရန်၊ ဘဏ္ဍာရေးစည်းမျဉ်းပါ သတ်မှတ်ချက် များကိုပြင်ဆင်ရန် ပြန်လည်သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အေဂျင်စီအနေဖြင့် MSME ချေးငွေမူဝါဒနှင့်အညီ ချေးငွေဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း၊ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးခြင်းတို့ကို ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များက MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးရန်ပုံငွေမှ ချေးငွေထုတ်ချေးပြီးစီးမှုနှင့် လက်ကျန်အခြေအနေများ၊ ချေးငွေစိစစ်ခွင့်ပြုမှုလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ် ပြင်ဆင်ရေးနှင့် ချေးငွေပမာဏ တိုးမြှင့်ထုတ်ချေးနိုင်ရေးတို့နှင့်ပတ်သက်ပြီး တင်ပြခဲ့မှုအပေါ် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌက နိုင်ငံတော်၏မူဝါဒနှင့်အညီ MSME လုပ်ငန်းရှင်များလိုအပ်သည့် ငွေကြေးအရင်းအနှီးများကို မြန်ဆန် မှန်ကန်စွာ စိစစ်ထုတ်ချေးနိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရပါတယ်။(NVS 008)

12 Aug

ADVERTISE HERE .