“တရုတ်နိုင်ငံက ရာသီဥတုခန့်မှန်းမှုတွေမှာ AI နည်းပညာကို အရှိန်အဟုန်မြှင့် အားပြုသုံးစွဲလာ”
12 Aug
ကမ္ဘာတစ်ဝန်းမှာ ရာသီဥတုဆိုးရွားမှုတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ တရုတ်နိုင်ငံက ရာသီဥတုခန့်မှန်း တွက်ချက်မှုတွေမှာ AI နည်းပညာကို အရှိန်အဟုန်မြှင့် အားပြုသုံးစွဲလာခဲ့သည်။ လက်ရှိ တရုတ်နိုင်ငံရဲ့ မုန်တိုင်းရာသီမှာ AI ရာသီဥတုခန့်မှန်းရေးစနစ်တွေကို အင်တိုက်အားတိုက်စမ်းသပ် လျက်ရှိသည်။ တရုတ်က ထုတ်လုပ်ထားတဲ့ Fengwu၊ Pangu နဲ့ Fuxi အစရှိတဲ့ Al စနစ်တွေဟာ သမားရိုးကျဖြစ်တဲ့ စူပါကွန်ပျူတာနည်းပညာတွေထက် ပိုမိုမြန်ဆန်မှုရှိပြီး တိကျမှုအပိုင်းမှာလည်း ယှဉ်ပြိုင်နိုင်စွမ်းရှိတာကို တွေ့ရ သည်။ အထူးသဖြင့် ဒေါဖင်တိုင်ဖွန်းမုန်တိုင်း တရုတ်ပြည်မကြီးကို ဝင်ရောက်မယ့်အချိန်နှင့်နေရာကို Fengwu Al စနစ်က မုန်တိုင်းမတိုင်မီ ၅ ရက်အလိုကတည်းက တိကျမှုရှိစွာ ကြိုတင်ခန့်မှန်းပေးနိုင်ခဲ့သည်။ သမားရိုးကျအားဖြင့် အသုံးပြုလျက်ရှိတဲ့ ခန့်မှန်းနည်းတွေက လေထုရူပဗေဒဆိုင်ရာ ပုံစံတူတွက်ချက်မှု တွေကို သုံးရတာကြောင့် အချိန်ယူရပေမယ့် Al စနစ်တွေက ယခင်ရာသီဥတုအခြေအနေနဲ့ သက်ဆိုင်တဲ့ အချက်အလက်အမြောက်အမြားကို လေ့လာမှတ်သားထားတာမို့ အချိန်တိုအတွင်း ခန့်မှန်းချက်ထုတ်ပေးနိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း မုန်တိုင်းရဲ့ သက်ရောက်မှုပြင်းအားကို ခန့်မှန်းတဲ့နေရာမှာတော့ Al စနစ်တွေက သမားရိုးကျနည်းလမ်းတွေကိုမီဖို့ လိုအပ်နေတဲ့အပြင် ရေရှည်ရာသီဥတုအပြောင်းအလဲတွေကို ခန့်မှန်းရာမှာလည်း ပြည်သူတွေ သံသယကင်းရှင်းစေဖို့ အချိန်ယူစမ်းသပ်ရဦးမှာဖြစ်ကြောင်း သိရသည်။ လက်ရှိမှာ AI စနစ်တွေကို သမားရိုးကျနည်းလမ်းနေရာမှာ အပြည့်အဝ အစားထိုးတာမျိုးမဟုတ်ဘဲ နည်းလမ်းနှစ်ခုလုံးကို ပေါင်းစပ်အသုံးပြုနေကြသည်။ လတ်တလောမှာတော့ တရုတ်နိုင်ငံဟာ Google ရဲ့ GraphCast နဲ့ Nvidia တို့လို ကမ္ဘာ့နည်းပညာ အင်အားကြီးတွေနဲ့ အတူ Al ရာသီဥတု ခန့်မှန်းရေးကဏ္ဍမှာ ထိပ်တန်းမှဦးဆောင်နေပြီဖြစ်သည်။