“မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ရာသီဝက်ချန်ပီယံဖြစ်လာတဲ့ ISPE အသင်း”

11 Aug

ISPE အမျိုးသမီးအသင်းဟာ ယခုရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲရဲ့ ရာသီဝက်ချန်ပီယံအသင်း ဖြစ်လာခဲ့ပါတယ်။ ISPE အမျိုးသမီးအသင်းဟာ ရာသီဝက် နောက်ဆုံးပွဲစဥ်အဖြစ် သုဝဏ္ဏကွင်းမှာ Young Lionesses အသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့ရာ ၁၀ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုဂိုးအရေအတွက်ဟာ ဒီရာသီ မြန်မာ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပထမအကျော့အပြီး သွင်းဂိုးအရေအတွက်အများဆုံးနဲ့ ဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ISPE အမျိုးသမီးအသင်းဟာ ယခုရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပထမအကျော့အပြီး ၉ ပွဲကစား၊ ၈ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရှုံးပွဲမရှိ ရမှတ် ၂၅ မှတ်နဲ့ ရာသီဝက်ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ISPE အသင်းအောက်မှာ လက်ရှိချန်ပီယံ ဧရာဝတီအမျိုးသမီးအသင်းက ရမှတ် ၂၂ မှတ်နှင့် ၃ မှတ်အကွာ ဒုတိယနေရာကနေ ဖိအားပေး ရပ်တည်နေပါတယ်။ အဆင့် (၃) နေရာမှာတော့ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက ရမှတ် ၁၉ မှတ်နဲ့ ရပ်တည်နေလျက်ရှိကြောင်း သိရပါတယ်။ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆-၂၀၁၇ ရာသီက စတင်ကျင်းပခဲ့ပြီး ကျင်းပပြီးတဲ့ ဘောလုံးရာသီ ၇ ခုမှာ ISPE အသင်းက ၃ ကြိမ် ဗိုလ်စွဲထားပါတယ်။ (NVS 008)

11 Aug

ADVERTISE HERE .